လောကနတ် ဆိုသည်မှာ

1866
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အခါတစ်ပါးမှာ ဆင်ပျံနဲ့ ခြင်္သေ့ ပျံတို့ နှစ်ကောင်ဟာ သူတို့ရဲ့အစာဖြစ်တဲ့ တိမ်ညွှန့်တိမ်သားကို လုယက်စား သောက်ကြရာကစလို့  အမျက်တွေ ထွက်ကြပြီး တစ်ကောင်နဲ့ တစ်ကောင် ရန်သတ်ကြတော့သတဲ့။
 

အဲဒီ အချိန်မှာ လောကကို စောင့်ရှောက်ဖို့ရာ အလို့ငှာ လှည့်လည်နေတဲ့ လောကနတ်သားနဲ့ ရန်သတ်နေကြတာ တွေ့တော့တာပါ။ ခြင်္သေ့ပျံနဲ့ ဆင်ပျံတို့ သတ်ပုတ်နေကြ တာကို တွေ့လိုက်တဲ့ လောကနတ်သားက ဟာ ဆောင်ထားမြဲဖြစ်တဲ့ စည်းစုပ်ကို ခြေဖဝါး နှစ်ခုအကြား ညှပ်ကာတီးလို့ သာယာငြိမ့်ညောင်းတဲ့ တေးသီချင်းကို သီကြူးပြီး  ကပြလိုက်ပါတယ်။

လောကနတ်သားရဲ့ စည်းခတ်သံ၊ သီကျူးလိုက်တဲ့ သီချင်းအသံနဲ့ ကကြိုး ကကွက်တို့ကို မြင်ရကြားရတဲ့ ခြင်္သေ့ပျံနဲ့ ဆင်ပျံတို့ဟာ စိတ်နှလုံး နူးညံ့ပျော့ပျောင်းလာ ကြပြီး ရန်သတ်နေရာကနေ မေတ္တာတွေ ပွားလို့ အချင်းချင်း မိတ်ဆွေတွေ ဖြစ်သွား ကြပါရောတဲ့။
ဒါကတော့ မြန်မာပညာရှိ ဇေယ သင်္ခယာရေးတဲ့ ရွှေဘုံနိဒါန်းမှာ လောက နတ်နဲ့ ပတ်သက်ပြီး ဖော်ပြထားတာကို ကျွန်တော် သဘောပေါက်သလို ပြန်ရေး ထားတာ ဖြစ်ပါတယ်။
law-ka-nat
တလောတုန်းက ထားဝယ်မြို့ကို ရောက်တော့ ကမ်းနားလမ်းမှာ ဖွင့်လှစ် ဖို့ အဆင်သင့်ဖြစ်နေတဲ့ တနင်္သာရီ တိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်ကြီး ကို တွေ့လိုက်ရပါတယ်။ အဆောက် အအုံကြီးက အတော်လေးကို ခန့်ခန့်ညား ညားနဲ့ တည်ဆောက်ထားတယ်။ ကမ်းနားလမ်း အရှေ့ဘက်ခြမ်းကနေ ကမ်းနားလမ်းကို မျက်နှာမူပြီး ဆောက် ထားတာပါ။ ပြခန်း အဆောက်အအုံရှိတဲ့ ခြံဝင်းထဲကို အဓိက အဝင်ပေါက် နှစ် ပေါက်ဖောက်ထားပြီး လောကနတ်ရုပ် တွေကို တပ်ဆင်ထားတာကို တွေ့ရပါ တယ်။ အဲဒီနတ်ရုပ်တွေကို မြင်ရတော့ ကျွန်တော် ငယ်ငယ်က ရန်ကုန်မြို့အမျိုးသား ပြတိုက်ဟောင်းမှာ လောကနတ် ရုပ်ဆို တာကို ပထမဆုံး မြင်ခဲ့ရဖူးတာကို သတိရမိ လိုက်ပါသေးတယ်။
နောက်ပြီး သိပ်မကြာသေးခင်က ထားဝယ်မြို့ရဲ့ ရွှေတောင်စားစေတီမှာ ထားရှိ ပူဇော်မယ့် ခေါင်းလောင်းကြီးကို မန္တလေးမြို့က သယ်လာတော့ ခေါင်းလောင်း ကြီးနဲ့ အတူ လောကနတ်ရုပ်ကြီး တစ်ရုပ် ကိုလည်း သယ်ဆောင်လာခဲ့တာကို သတင်းဓာတ်ပုံများတွေမှာတွေ့ လိုက်ရ သေးတာပါ။ အဲဒီ လောကနတ်ရုပ်ကို ခေါင်းလောင်းကြီးနဲ့အတူထားရှိ ပူဇော် ထားမယ်လို့ ထင်ရပါတယ်။

လောကနတ်ရုပ်ထုကို စောစောက ပြောခဲ့သလိုမျိုး နေရာတော်တော်များ များမှာ တွေ့တွေ့ နေရပေမယ့်လည်း သူနဲ့ ပတ်သက်တဲ့အကြောင်း အရာတွေကို တိတိကျကျ မသိခဲ့ဖူးပါဘူး။ ဒီနတ်ရုပ် ဟာ ငြိမ်းချမ်းရေးနဲ့ အနုပညာကို ကိုယ်စားပြုတဲ့ နတ်တစ်ပါးဖြစ် တယ်လို့ ပဲ သိထားတာပါ။ ဒီထက်ပိုပြီး ဘာမှ မသိခဲ့ပါဘူး။ အခုတော့ အသစ် ဖွင့်လှစ် မယ့် တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှု ပြတိုက်ကြီးမှာ လောကနတ်ရုပ်ကို ထင်ထင်ရှားရှားနဲ့ ထားရှိသွားမယ်ဆို တော့ လောကနတ်ရုပ်အပေါ် အရင် ကထက် စိတ်ဝင်စားမှုတွေ ပိုလာတော့တာ ပါ။

ဒီကြားထဲ ညီငယ်တစ်ယောက်က ကနေတဲ့ လောကနတ်ရုပ်ရဲ့ ခြေဖဝါး နှစ်ခုအကြားမှာ ဘာကြောင့်စည်းကို ညှပ်ထားတာလဲလို့ သိချင်စိတ်နဲ့ မေးပါ လာတော့ လောကနတ်နဲ့ ပက်သက်ပြီး လက်လှမ်းမှီသလောက် လေ့လာဖြစ်ခဲ့ ပါတယ်။ ဒါကြောင့် အခုလိုလေးတွေ မှတ်သားမိခဲ့ရတာပါ။ ဒီဆောင်းပါးရဲ့ စစချင်းမှာ ရေးပြထားခဲ့တာကလည်း လောကနတ်ကို လူအများ တန်ဖိုးထား ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပြီး အဲဒီ အချက်တွေကို အခြေခံလို့ လောက နတ်ကို ထုဆစ်ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

လောကနတ်ဆိုတာ  လောကနာထ ဆိုတဲ့ ပါဠိနဲ့ သက္ကတဘာသာ တို့ကနေ ဆင်းသက်လာတဲ့ စကားလုံး ဖြစ်ပြီး  ” လောကကို အစိုးရတဲ့ ဘုရားလောင်း နတ်သား” လို့ အဓိပ္ပာယ်ရပါတယ်။ ဘဒ္ဒ ကမ္ဘာမှာ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံ ပြီးနောက်ပိုင်းနဲ့ နောင်ပွင့်လာမယ့် အရိမေတ္တယျမြတ်စွာဘုရား မပွင့်တော် မူမီ စပ်ကြား ကာလတွေမှာ လောကကို စောင့်ရှောက်ရတဲ့ ဘုရားလောင်းတစ်ဆူ လည်း ဖြစ်ပါတယ်။ မဟာယနဂိုဏ်းတို့ ပူဇော်သက္ကာရပြုကြတဲ့ ဗောဓိသတ္တ ဘုရားလောင်းတွေ အများကြီးရှိတဲ့ အထဲက လောကနတ် (လောကနာထ) ဘုရားလောင်းဟာ အထင်ရှားဆုံး ဖြစ်တယ်လို့လည်း မှတ်သားရဖူးပါတယ်။ လောကနတ်ဟာ လောကမှာ ရှိရှိသမျှ သတ္တဝါအပေါင်းတို့ကို ဗောဓိဥာဏ်ရစေ လို့ နိဗ္ဗာန်ကို အရင်ဝင်စေပြီး နောက်ဆုံးကျ မှ သူက လိုက်ဝင်တယ်လို့ မဟာယန ကျမ်းများမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစောဆုံး ဖြစ်တဲ့ ပျူခေတ်လက်ရာ လောကနတ်ရုပ်ထုကို သရေခေတ္တရာမြို့ဟောင်းမှာ ပထမဦး ဆုံးတူးဖော်တွေ့ရှိခဲ့ပါတယ်။ ၁၁ ရာစု ပုဂံခေတ်လက်ရာ လောကနတ်ရုပ်ပါ အုတ်ခွက်များနဲ့ ကြေးရုပ်များကိုတော့ ပုဂံ၊ ပခုက္ကူ၊ မင်းဘူး၊ ပဲခူးနဲ့ တွံတေး တို့ ဘက်မှာ တွေ့ခဲ့ရတယ်လို့ သိရပါ တယ်။
အနော်ရထာ မင်းကြီးရဲ့ကောင်း မှုတော် လောကနတ်ရုပ်ပါ အုပ်ခွက်များ မှာ” ဧသောလောကနာထော၊ ဧသော ဘဂဝါ” စသဖြင့် ရေးထိုးပါရှိတယ်လို့ ဆိုပါတယ်။ တွေ့ရှိရတဲ့ လောက နတ်ရုပ် များဟာ မင်းထိုင်ထိုင်နေပြီး ခြေထောက် တစ်ဖက်ကို တွဲလောင်း ချထားပါတယ်။ ခေါင်းဆောင်းပေါ်မှာ တွေ့ရတဲ့ ဈာနိ ဗုဒ္ဓပုံတော်ကိုတော့ လောကနတ်ကို ဖန်ဆင်းတဲ့တန်ခိုးရှင် အဖြစ် ယုံကြည်ကြ ပါတယ်တဲ့။

တကယ်တော့ လောကနတ်ဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းနဲ့သာ သက်ဆိုင် တာ မဟုတ်ပါဘူး။ ဟိန္ဒူဘာသာဝင် သီဝမဟေသရ ဂိုဏ်းသားတို့အတွက် လောကနတ်ဟာ မဟေသရနတ်ဖြစ်သလို ဗိဿနိုး နတ်လည်း ဖြစ်ပါသတဲ့။ အရှေ့ တိုင်းရှိ တရုတ် – ဂျပန် မဟာယန ဂိုဏ် ဝင်များက လောကနတ်ဟာ သူတို့ရဲ့ ကရုဏာရှင်အဖြစ် သတ်မှတ်ကြတာ အပြင် အနောက်တိုင်းသားတို့ကလည်း ခရစ်တော်နဲ့ တူတယ်ဆိုပြီး အမျိုးမျိုး အဖုံဖုံ ယုံကြည်နေကြသေးတာပါ။ မြန်မာနိုင်ငံအတွင်းမှာတော့ ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှစလို့      စေတီပုထိုးများမှာ လောကနတ်ရုပ်များ ကို ဂေါတမ ဘုရားရှင်နဲ့ရော အရိမေတ္တ ယျ ဘုရားလောင်းတို့နဲ့ပါ အတူယှဉ်တွဲပြီး ပူဇော်မှုများ ပြုလုပ်ခဲ့တဲ့ သာဓကများကို အထင်အရှားတွေ့ခဲ့တယ်လို့ ဆိုပါ တယ်။ ဒါတွေဟာ ပုဂံခေတ် ဗုဒ္ဓသာသ နာအပေါ် မဟာယာန အယူအဆတွေ လွှမ်းမိုးမှုများ ရှိနေတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါအပြင် ဘုရားရှင်နဲ့ တစ်တန်းတည်းထားပြီး ပူဇော်ပသမှုတွေ ရှိနေတာဟာလည်း လောကနတ်ကို အဲဒီခေတ်က ဘယ်လောက်ထိ အလေး ထားတယ် ဆိုတာကို မှန်းကြည့်လို့ရနိုင် ပါတယ်။

အနောက်ပိုင်း ခေတ်တွေမှာတော့ လောကနတ်ကို အဆင့်နှိမ့်ချလို့ ရန်ငြိမ်း စေတတ်တဲ့ အတိတ်နိမိတ်ကို ဆောင် ယူပြီး အရှင်ဘုရင်ထိုင်တဲ့ ပလ္လင်ရဲ့ လက်ဝဲလောက်ရာမှာ ထားရှိတယ်လို့ သိရပါတယ်။ အခုချိန်များမှတော့ လောကနတ်ကို ငြိမ်းချမ်းရေး အတိတ် နိမိတ်ဆောင်ဖို့၊ ကြီးပွားတိုးတက်စေဖို့နဲ့ ဘေးရန်အပေါင်း ရှောင်ကွင်းနိုင်စေဖို့ စတဲ့ အတိတ် နိမိတ်တွေကို ဆောင်စေတဲ့ နတ်သားအဖြစ် ကမ္ဘာနဲ့ အဝှမ်းမှာ ရှိတဲ့ လူတွေက ချစ်ခင်တန်ဖိုး ထားလျက် ရှိကြပါတယ်။

အကိုးအကား-
သုတေသန စာပေများ
(ဒေါက်တာနိုင်ပန်းလှ)