မွန်အမျိုးသားပါတီ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆၀ ခန့်ဝင်ပြိုင်မည်

0
760

မွန်ပြည်နယ်အခြေစိုက်မွန်အမျိုးသားပါတီ (MNP) သည်လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆၀ ခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန် အမျိုးသားပါတီ အထွေထွေအတွင်း ရေးမှူး က ပြောကြားသည်။


လက်ရှိတွင်မဲဆန္ဒနယ်နှင့် ဝင်ပြိုင်မည် ကိုယ်စားလှယ်လောင်းအရေအတွက်တိတိ ကျကျမသတ်မှတ်နိုင်သေးသော်လည်း မဲဆန္ဒနယ် ၆၀ ခန့်ကို ဝင်ပြိုင်နိုင်လိမ့်မည်ဟု ပါတီအထွေထွေအတွင်းရေးမှူး နိုင်လယီ တမကပြောသည်။

mon-party-60
” ကိုယ်စားလှယ်လောင်းကိုလည်း အခုမှခေါ်ဆဲဖြစ်နေတယ်။   ဒါပေမယ့်ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ကမဲဆန္ဒနယ် ၆၀ လောက်မှာ ဝင်ပြိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်” ဟု ၎င်းကဆိုသည်။
မွန်အမျိုးသားပါတီသည် ရွေးကောက် ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ကိုမေလ ၁ ရက်နေ့မှစတင်ခေါ်ယူနေကာ မေလ ၃၁ ရက်နေ့နောက်ဆုံးထားပြီး ကိုယ်စားလှယ်လောင်း အရွေးခံသူတို့က လျှောက်လွှာတင်ရမည် ဖြစ်သည်။
ထိုနောက်ကိုယ်စားလှယ်လောင်းများ ကို ဖွဲ့စည်းထားသည့်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးကော်မတီမှ အရည်အချင်း သတ်မှတ်ချက် ၁၈ ချက်နှင့်အညီ ဇွန်လ အတွင်း ရွေးချယ်သွားမည်ဟု သိရသည်။
မွန်အမျိုးသားပါတီသည် ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီ ပါတီမှ အမည်ပြောင်းဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှသာ ဝင်ပြိုင်ရန် ဆုံးဖြတ် ထားသည့် ပါတီသည်။
မွန်အမျိုးသားပါတီနှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကလည်း လာမည့်ရွေးကောက် ပွဲတွင် မွန်ပြည်နယ်ဒေသတစ်ခုလုံးတွင် သာမကကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုး ကပြောသည်။