အမြဲတမ်း ရင်ခုန် လှုပ်ခတ်ပါ

0
530

ခေါင်းစဉ် ဖတ်ပြီး အထူးအဆန်း ပါလားဟု ပြောကောင်း ပြောကြမည်။
အမှန်မှာ မထူးဆန်း။
လူငယ် ချစ်သူ စုံတွဲများကို ချစ်မှု ရေးရာ အကြောင်းပြောရန် ရည်ရွယ်ခြင်း မဟုတ်။ ကြင်စဦး ဇနီးမောင်နှံများကို ဩဝါဒ ခြွေရန် စကားပလ္လင်ခံနေခြင်း လည်း မဟုတ်။


သို့ဆိုလျှင် မည်သည့်အတွက်နည်း။ အောင်မြင်မှုများ ရေရှည်တည်တံ့ရေး အတွက် အမြဲတမ်း ရင်ခုန် လှုပ်ခတ်ရန် လိုသည့် ကိစ္စဖြစ်သည်။
အမှတ် မမှားဘူးဆိုလျှင် ကမ္ဘာကျော် ဗစစူန ကုမ္ပဏီကို တည်ထောင်သူ စတိဂျော့က လူငယ် များကို  ”  ဆာလောင်ပါ၊ ရူးသွပ်ပါ  ” ဟု ပြောဖူးသည်။ ဘ၀တွင် အောင်မြင်ရန် အတွက် မိမိလိုချင်သည့် ပန်းတိုင်ကို ရောက်ရန်အတွက် ဆာ လောင်တတ်ရ မည်။ ရူးသွပ်တတ် ရမည်။ hear-beat
ပညာကို ဆာလောင်ရမည်။ အောင်မြင်မှုကို ဆာလောင်ရမည်။ မိမိ ရွေးချယ်ထားသည့် လမ်း၊ မိမိ ဝါ သနာ ဆန္ဒအရ လုပ်ချင်သည့် အလုပ် များနှင့် ပတ်သက်ပြီး ရူးရူး သွပ်သွပ် ရှိရမည်ဟု ဆိုလို ပုံရသည်။
သို့သော် လူငယ်များကို စတိဂျော့ ပြောရန် ကျန်သည့် စကားတခွန်း ရှိသည်။ ယင်းမှာ ” အမြဲတမ်း ရင်ခုန် လှုပ်ခတ်ပါ ”  ဟူသည့် စကားဖြစ်သည်။
မိမိ ရွေးချယ်ထားသည့် သက်မွေး ဝမ်းကျောင်းမှုအရ ကာလ တစ်ခု ရောက်လာသည့်အခါ ” ဒါ ဒါ တွေချည်း ပဲ ငြီးငွေ့နေပြီ ”  ဟူသည့် အသံများကို အမြဲလိုလို ကြားရသည်။
ကျောင်းဆရာဆရာမများသည် လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းများသည် လည်းကောင်း၊ ဘဏ်ဝန်ထမ်းများသည် လည်းကောင်း၊ သတင်းထောက်များသည် လည်းကောင်း ယင်းသို့ ငြီးတွား တတ် ကြသည်။
ထိုသို့ ငြီးတွားသူများကို လေ့လာ ကြည့်မိသလောက်ဆိုလျှင် မိမိ ရွေးချယ် ထားသည့် သက်မွေး ဝမ်းကြောင်း အလုပ်နှင့် ပတ်သက်ပြီး ဆာလောင်မှု၊ ရူးသွပ်မှု အားနည်း နေတတ်သည်ကို တွေ့ရသည်။ သို့အတွက်ကြောင့် ရင်ခုန် လှုပ်ခတ်မှုသည် နဂိုကတည်းကပင် သိပ်မရှိ။
သို့သော် တချို့မှာ ကနဦးက ဆာ လောင်မှု၊ ရူးသွပ်မှု ရှိသော်လည်း နောက်ပိုင်း အရှိန်ကျ သွေးအေး သွားတတ်သည်။ တနည်းပြောရလျှင် ယခင်က ရင်ခုန်လှုပ်ခတ်ခဲ့ဖူးသော်လည်း ယခု တုံ့တုံ့မျှ မလှုပ်တော့။
အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ခွင့် ရရန် ဆာလောင်မှု၊ ရူးသွပ်မှုများဖြင့် မောင်းနှင်နိုင်သော်လည်း ယင်း အောင် မြင်မှုများကို ဆက်ထိန်းထားရန်မှာ ဆာလောင် ရူးသွပ်မှုများချည်းဖြင့် မရ တော့။ အစဉ်အမြဲ ရင်ခုန် လှုပ်ခတ်မှု ဟူသည့် ထပ်တိုးကိန်း တစ်ခုပါမှသာ စွမ်းဆောင်နိုင်သည်။
အောင်မြင်မှုဟူသည့် ခေါင်းစဉ် အောက်တွင် လူမှုရေး ဘ၀ အောင်မြင်မှု၊ အိမ်ထောင်ရေး ဘ၀ အောင်မြင်မှု၊ စီးပွားရေး ဘ၀ အောင်မြင်မှု၊ နိုင်ငံရေး ဘ၀ အောင်မြင်မှု စသဖြင့် သူကဏ္ဍအလိုက်များစွာ ရှိသော်လည်း ယင်း အောင်မြင်မှုများကို ချဉ်းကပ် ရန်နှင့် ရေရှည်ထိန်းသိမ်းရန်  နည်းလမ်းမှာ အတူတူပင် ဖြစ်သည်။
ဥပမာ အိမ်ထောင်ရေးဘ၀တွင် ကြည်သာညွှတ်နူးဖွယ် ကာလများ အလွန်အထိ ရင်ခုန်လှုပ်ခတ်နေမှသာ လျှင် အောင်မြင် ပျော်ရွင်ဖွယ် ဖြစ်မည်။
နိုင်ငံရေး ဘ၀တွင်လည်း ထိုနည်း လည်းကောင်းပင်။ အမတ်ဖြစ်ကာစ၊ အစိုးရဖြစ်ကာစ ဖြစ်သည့် နိုင်ငံရေး ပျားရည်ဆမ်းကာလများ အလွန်အထိ ဆာလောင် ရူးသွပ်စွာ၊ ရင်ခုန်လှုပ် ခတ်စွာ လုပ်ကိုင်နိုင်မှသာလျှင် အောင် မြင်သည့် နိုင်ငံရေး ဘ၀ကို ပိုင်ဆိုင် နိုင်မည် ဖြစ်သည်။
အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများသည်လည်း ထိုနည်း လည်းကောင်းပင်။
ကိစ္စတစ်ခု လုပ်ငန်းတစ်ခုကို စလုပ်ခါစက တက်ကြွကြ၊ ရင်ခုန် လှုပ် ခတ် တတ်ကြသည်။ အဖွဲ့အစည်း တစ်ခု စဖွဲ့စဉ်တွင် ဖြစ်စေ၊ လုပ်ငန်း တစ်ခုကို စလုပ်စဉ်တွင်ဖြစ်စေ ဝိုင်းကြ ဝန်းကြ လိုအပ်ချက်များကို တက်တက် ကြွကြွ ဖြည့်ဆည်းကြနှင့် ရင်ခုန် လှုပ်ခတ်စွာ အလုပ်လုပ်ကြသည်။
သို့သော် ကာလတစ်ခု အရောက် တွင် သွေးအေး ရိုးအီသွားကာ လှုပ်လှုပ် ခတ်ခတ် မဖြစ်တော့ပေ။
ယင်းသည် အောင်မြင်မှုဆီ သွားမည့်လမ်းအတွက် စတင်ကြုံရသည့် အဟန့်အတား ဖြစ်သည်။ တနည်း ပြောရမည့်ဆိုလျှင် နတ်ဆိုးတစ်ပါး ဟုလည်း ဆိုနိုင်သည်။
လူသဘာဝအရ ဖန်တရာတေ လုပ်ကိုင်ထိ တွေ့လာရသည့်အခါ ရိုးအီ သွားတတ်သည်။ သို့သော် ရိုးအီမှုကို ကျော်လွန်ရန် ကြိုးစား ရပေမည်။ ယင်း  သို့ ကျော်ဖြတ်ရန် အကောင်းဆုံး နည်းမှာ ဆင်ခြင်သုံးသပ်မှု ဖြစ်သည်။
မိမိ၏ စိတ်၊ မိမိ၏ အလုပ်ကို နေ့စဉ် ပုံမှန် သုံးသပ်ဆင်ခြင်နေ၊ နည်း လမ်းသစ်များ ရှာဖွေနေမှသာ အတွေ့ အကြုံအသစ်၊ ရင်ခုန်လှုပ်ခတ်မှု အသစ် များကို ရမည်ဖြစ်သည်။
ကျောင်းဆရာဆရာမများ ဖြစ်ပါက မိမိ၏ ပုံမှန်သင်ရိုးဘောင်ကို သုံးသပ် ဆင်ခြင်ပြီး မည်မျှအထိသည် ထပ်ချဲ့နိုင်၊ မည်မျှအထိကျော်ပြီး ဆန်းသစ်နိုင် သည်ကို စဉ်းစားရပေမည်။ သို့မှသည် မိမိ၏ နေ့စဉ် သင်ကြားရေး ဘ၀တွင် ရင်ခုန် လှုပ်ခတ်နေမည် ဖြစ်သည်။
စီးပွားရေး လုပ်ငန်းများသည်လည်း ထိုနည်း လည်းကောင်းပင်။
မိမိ၏ လုပ်ငန်း ဈေးကွက်ဘောင်ကို အစဉ်သုံးသပ် ဆင်ခြင်နေမှသာလျှင် ယင်းဘောင်ကို ဖောက်ထွက်နိုင်သည့် နည်းများကို တွေ့မည်ဖြစ်သည်။
နိုင်ငံရေး သမားများသည်လည်း ထိုနည်းလည်းကောင်းပင် နိုင်ငံ၏ အရေးအရာကိစ္စများနှင့် ပတ်သက်သည့် ပေးထားချက် ဘောင်ကို ကောင်းစွာ ဆင်ခြင် သုံးသပ်နိုင်မှသာလျှင် ယင်း ဘောင်အတွင်း အကောင်းဆုံး အဖြေများ ထွက်အောင် မည်သို့ လုပ်ရမည်၊ ပေးထားချက်ဘောင်ကို မည်သို့ ဖောက် ထွက်ပြီး လုပ်ရမည်ကို သိမည်ဖြစ်သည်။
ဆိုလိုသည်မှာ ဆင်ခြင် သုံးသပ် မှုဖြင့် အစဉ်အမြဲ ရင်ခုန် လှုပ်ခတ်ရန် မဖန်တီး နိုင်လျှင် မထိန်းထားနိုင်လျှင် ဆာလောင် ရူးသွပ်စွာဖြင့် ဖန်တီးထား သည့် အောင်မြင်မှုသည် ပင်လျှင် ရေရှည် တည်တံမည် မဟုတ်။
ဆာလောင်ရူးသွပ်စွာ မဖန်တီး ထားလျှင် သာ၍ ဆိုးပေမည်။
ထို့ကြောင့် စတိဂျော့ပြောသည့်      ” ဆာလောင်မှု” ” ရူးသွပ်မှု” များအပြင်   ” အမြဲတမ်း ရင်ခုန်လှုပ်ခတ်မှု” များပါ လိုအပ်သည်။