တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် မတ်လနောက်အဆုံးအပတ်ကစပြီး လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို စီမံချက်ဖြင့် စတင်ဖမ်းဆီးနေပြီး ဖမ်းမိ ဆိုင်ကယ်များကို သင်္ကြန်းပြီးမှ ပြန်ထုတ်ပေးသွားမည်ဟု မြိတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုမှူးမှ တာဝန်ရှိ အရာရှိတစ်ဦးက ပြောသည်။
ယခင်က လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးရမိပါက တရားစွဲဆိုပြီး ထောင်ဒဏ်တစ်လနှင့် ဆိုင်ကယ်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အောင်သူ
“လက်ရှိအထိတော့ ဖမ်းမိထားတဲ့ ဆိုင်ကယ် ၂၀ စီးလောက် ရှိတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
စစ်ဆေးအရေးယူမှုများကို သင်္ကြန်အကြိုနေ့မတိုင်ခင်ထိ ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် ယာဉ်လိုင်စင်များ မပါရှိသူများကို တရားရုံးသို့ တရားစွဲတင်ခံရမည်ဖြစ်ကာ ဒဏ်ငွေ ၁၅၀၀ ကျပ် ပေးဆောင်ရမည်ဟု အထက်ပါရုံးမှ သိရသည်။
မော်တော်ဆိုင်ကယ်၊ မော်တော်ကား၊ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်များသည် ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်နှင့် အငှားယာဉ်ဖြစ်ပါက လုပ်ငန်းလိုင်စင်များ ပါရှိရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရသည်။