ထားဝယ်သားပိုင် လေကြောင်းလိုင်း လာမည့်အပတ် စတင်ပြေးဆွဲမည်

0
546
Apex လေကြောင်းလိုင်း လေယာဉ်ကို ထားဝယ်လေယာဉ်ကွင်းတွင် တွေ့ရစဉ် / ဓာတ်ပုံ - ဖိုးဇော်

ထားဝယ်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်သည့် Apex လေကြောင်းလိုင်းကို ဧပြီလ ၇ ရက်နေ့ စတင်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းထံမှ သိရသည်။

Apex လေကြောင်းလိုင်း ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်လေဆိပ်နှင့် ထားဝယ်မြို့ မြို့တော် ခန်းမတို့တွင် ကျင်းပခဲ့ပြီး လာမည့် ဧပြီလ ၇ ရက်နေ့မှ စတင်၍ နေပြည်တော်- ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း တို့ကို နေ့စဉ် ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းထံမှ သိရသည်။

Apex လေကြောင်းလိုင်း လေယာဉ်ကို ထားဝယ်လေယာဉ်ကွင်းတွင်  တွေ့ရစဉ် / ဓာတ်ပုံ -  ဖိုးဇော်
Apex လေကြောင်းလိုင်း လေယာဉ်ကို ထားဝယ်လေယာဉ်ကွင်းတွင် တွေ့ရစဉ် / ဓာတ်ပုံ – ဖိုးဇော်

Apex လေကြောင်းလိုင်းသည် နေပြည်တော်တွင် အခြေစိုက်ပြီး ATR72-600 အမျိုးအစား လေယာဉ်တစ်စီးဖြင့် စတင် ပြေးဆွဲမည်ဖြစ်သည်။

“ဒုတိယ လေယာဉ်တွေ၊ တတိယ လေယာဉ်တွေရလာရင် ဒေသကလူတွေအတွက် ရနောင်းကို၊ ဘန်ကောက်ကို တိုက်ရိုက်ပျံသန်းပြေးဆွဲမယ်” ဟု Apex လေကြောင်းလိုင်းဥက္ကဋ္ဌ ဦးခင်စိုးကလေကြောင်းလိုင်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

လေယာဉ်ခ သတ်မှတ်နှုန်းထားကို ပရိုမိုးရှင်းကာလတွင် နေပြည်တော်-ရန်ကုန် ၆၃၀၀၀ကျပ်၊ ရန်ကုန်-ထားဝယ် ၆၃၀၀၀ ကျပ်၊ ထားဝယ်-မြိတ် ၄၇၀၀၀ကျပ်၊ မြိတ်-ကော့သောင်း ၄၇၀၀၀ ကျပ်၊ ရန်ကုန်-ကော့သောင်း ၁၀၂၀၀၀ကျပ်၊ ရန်ကုန်-မြိတ် ၈၃၀၀၀ ကျပ် စသဖြင့် အသီးသီးသတ်မှတ်ထားကြောင်း ယင်းလေကြောင်းလိုင်းမှ ထုတ်ပြန်ကြေညာထားသည်။

ပရိုးမိုးရှင်းကာလ အပိုင်းအခြားကိုမူ ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်း Apex လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

apex-dawei-2
Apex လေကြောင်းလိုင်း လေယာဉ်ကို ထားဝယ်လေယာဉ်ကွင်းတွင် တွေ့ရစဉ် / ဓာတ်ပုံ – ဖိုးဇော်

Apex Airline ဥက္ကဋ္ဌ ဖြစ်သူဦးခင်စိုးသည် ထားဝယ်အများပိုင်ကုမ္ပဏီဖြစ်သည့် DDPC ကုမ္ပဏီတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

Apex လေကြောင်းလိုင်းတွင် DDPC ကုမ္ပဏီမှ ရှယ်ယာအချို့ပါဝင်ထားကြောင်း ယင်းလေကြောင်းလိုင်းထံမှ သိရသည်။