မီးပွိုင့် ဖြတ်မောင်းသူ ဆယ်ကျော်သက်တစ်ဦးအား ယာဉ်ထိန်းရဲ ထိုးကြိတ်

0
686

ထားဝယ်မြို့၊ မြိတ်တန်းလမ်းဆုံမီးပွိုင့်ကို ဖြတ်မောင်းသည့် ဆယ်ကျော်သက် လူငယ်တစ်ဦးအား ယာဉ်ထိန်းရဲတစ်ဦးမှ လိုက်လံကာ ဆိုင် ကယ်ကန်လှဲ၍ ထိုးကြိတ်ခဲ့ကြောင်း ကာယကံရှင်၏ မိသားစုဝင်များနှင့် မျက်မြင်တွေ့သူများထံမှ သိရသည်။

မတ်လ ၂၃ ရက်နေ့ ည ၇ နာရီခန့်က မြိတ်တန်းလမ်းဆုံမီးပွိုင့်ကို ဖြတ်မောင်း၍ ကမြောကင်းလမ်းအတိုင်း မောင်းနှင်ခဲ့သည့် အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးအား ယာဉ်ထိန်းရဲတစ်ဦးက မီးပွိုင့်တွင် လက်ဖြင့် လွှဲရိုက်ခဲ့ရာ လူငယ်က တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ တိမ်းရှောင်ခဲ့သည့် လူငယ်နောက်ကို ယာဉ်ထိန်းရဲက ဆိုင်ကယ်ဖြင့်လိုက်၍ လူငယ်ရှေ့မှ ပိတ်ရပ်ခဲ့ပြီး ဆိုင်ကယ်ကို ကန်လှဲခြင်း၊ လူငယ်ကို ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“မြင်ရတာကတော့ ကောင်လေးက ဆိုင်ကယ်ရပ်လိုက်တာနဲ့ ပုလိပ်က ဆိုင်ကယ်ကို ကန်လှဲလိုက်တယ်။ ပြီးတော့ အင်္ကျီ လည်ပင်းကို ဆွဲပြီး ထိုးတယ်။ လေးငါး ဆယ်ချက်လောက်ရှိမယ်” ဟု ထားဝယ်မြို့ခံ မျက်မြင်တွေ့ရသူ တစ်ဦးက ပြောသည်။

ယာဉ်ထိန်းရဲအနေဖြင့် ယင်းသို့ ပြည်သူတစ်ဦးအား ထိုးကြိတ်ခြင်းမှာ မဖြစ်သင့်သည့် ကိစ္စဖြစ်ပြီး ယာဉ်စည်းကမ်း ဖောက်ဖျက် ပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများဖြင့်သာ အရေးယူသင့်ကြောင်း အခင်းဖြစ်သည့် နေရာအနီး နေထိုင်သူများက မှတ်ချက်ပြုသည်။

ဆိုင်ကယ်မောင်းသူ လူငယ်သည် မီးပွိုင့်တွင် မီးဝါပြချိန်တွင် ဖြတ်မောင်းခြင်းဖြစ်ပြီး ၎င်းဖြတ်မောင်းနေစဉ် မီးနီသွားခဲ့ခြင်း ဖြစ်ကြောင်း ထိုးကြိတ်ခံရသည့် လူငယ်၏ မိသားစုဝင်များက ပြောသည်။

“မှားတာက ကလေးက မှားတယ်။ အသက်လည်း မပြည့်သေးဘူး။ ယာဉ်ထိန်းရဲကလည်း ဥပဒေနဲ့ အညီလုပ်ရမှာ။ လိုင်စင် စစ်တာတွေ လုပ်ရမယ်မှာ။ အခုက စိတ်မထိန်းနိုင်ဘဲ ဥပဒေနဲ့အညီမလုပ်တော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူသွားမယ်” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးကြည်လင်းက ပြောသည်။

ရဲ စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ မည်သို့ အရေးယူမည်ကိုမူ ထည့်သွင်း ပြောကြားခြင်းမရှိဘဲ လက်ရှိတွင် ဖမ်းချုပ် ထားကြောင်း ရဲမှူးကြီးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ အင်တာနက် လူမှုကွန်ယက်စာမျက်နှာမှ သတင်းထုတ်ပြန်ချက်တွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲဆရာ (၁) ဦး ကို လူငယ်(၁) ဦးက ဆိုင်ကယ်ဖြင့် ပွတ်တိုက်ပြီး မီးနီဖြတ်မောင်း ပြေးသည့်အတွက် စိတ်မထိမ်းနိုင်ဘဲ ဆိုင်ကယ်နောက်ကို လိုက်ပြီး ဖမ်းမိသည့်အချိန်တွင် ဥပဒေနှင့်အညီ မဆောင်ရွက်ဘဲ ဆိုင်ကယ်မောင်းသူ လူငယ်ကို လက်ဖြင့် ခေါင်းကိုထိုးခေါက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုးကြိတ်ခံရသည့် လူငယ်၏ မိသားစုဝင်များကမူ ယာဉ်ထိန်းရဲအား ပွတ်တိုက်မောင်းနှင်သွားသည်ဆိုခြင်းမှာ မဟုတ်၊  ယာဉ်ထိန်းရဲကသာ လက်ဖြင့်ရိုက်ခဲ့ကြောင်း တုန့်ပြန်ခဲ့သည်။

ယာဉ်ထိန်းရဲများက ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဖမ်းဆီးရာတွင် တစ်ခါတစ်ရံတွင် မောင်းပြေးသူများကို ယင်းသို့ ကိုယ်ထိလက်ရောက် ထိုးကြိတ်ရိုက်နှက်မှုများ ကျူးလွန်လေ့ရှိသည်ဟု ထားဝယ်မြို့ခံများက ပြောသည်။