ထားဝယ်ဒေသရှိ ဂဝံယဉ်ကျေးမှု

0
898
မင်းရပ်ရွာရှိ စေတီမှာအနီး တွေ့ ရှိခဲ့သော ဂ၀ံဆင်းတုတော် အပိုင်းအစ ( ဓာတ်ပုံ - စိန်မျိုးမြင့် )

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ထဲက မင်းရပ်ရွာအရှေ့ဘက် တောင်ကုန်းလေးပေါ်မှာ ရှေးဟောင်း စေတီလေးတွေ ရှိပါတယ်။ အစဉ်အဆက် ပြောစကားအရ အဲဒီစေတီတွေကို ယိုးဒယားတွေ တည်ခဲ့ကြတယ်လို့ ဆိုကြ ပါတယ်။


ဒါပေမယ့်လည်း ဘယ်ချိန်က ဘယ်သူတွေ တည်ခဲ့တဲ့ စေတီတွေဆိုတာ တိတိကျကျ မှတ်တမ်း တင်ထားတာမျိုး မရှိပါဘူး။ ထားဝယ်ဒေသ သမိုင်းကြောင်း ကို ကြည့်ပြန်ရင်လည်း ထားဝယ်ဒေသ အပေါ် မြန်မာမင်းရဲ့ အုပ်ချုပ်မှု အာဏာ လျော့ရဲလာတဲ့ အခါတိုင်းမှာ ယိုးဒယား တွေ အကြိမ်ကြိမ်ဝင်ရောက် အုပ်စိုးနေခဲ့ ကြတယ်ဆိုတာကတော့ အမှန်ပဲ ဖြစ်ပါ တယ်။ဒါကြောင့်မို့  ဒီစေတီတွေကို ယိုးဒယားတွေ တည်သွားတယ်လို့ ယူဆ ရင် ရနိုင်ပေမယ့် ခေတ်ကာလကို တိတိ ကျကျ ခန့်မှန်းဖို့ ခက်နိုင်ပါတယ်။
စေတီတွေကို ကြည့်ရတာကလည်း နှောင်းလူတွေ အဆက်ဆက် ပြုပြင် လာခဲ့တာကြောင့် အရင်လက်ရာတွေကို မှန်းကြည့်ဖို့ တော်တော်လေးကို ခက်နေလောက်ပါပြီ။ စေတီအကြီး တစ်ဆူရဲ့ ဂန္ဓကုဋိတိုက်ထဲက ထိုင်တော်မူ ကြီး တစ်ဆူကိုတော့ ကျွန်တော်တို့  ငယ်ငယ်တုန်းကအထိ ပုံစံအားဖြင့် တခြားရုပ်ပွားတွေနဲ့ မတူဘဲ တမူ ထူးခြားစွာနဲ့ တွေ့မြင်နေရတုန်းပါ။ ဒါပေမယ့်လည်း ၁၉၉၈ ခုနှစ်လောက် တုန်းက ရွာခံဆရာတော်တစ်ပါးက ဦးစီးပြီး စေတီရဲ့ထီးတော် အသစ်လဲခဲ့ရာ မှာ စေတီကို သာမက ဂန္ဓကုဋိတိုက်ထဲက ထိုင်တော်မူကိုပါ  ပြုပြင်ပစ်လိုက်ပါ တော့တယ်။

gawon-rock
ပန်းရံဆရာက ထိုင်တော်မူ ရုပ်ပွား တော်ကြီးကို အခုခေတ် ပုံစံအတိုင်း ဖြစ်အောင် လုပ်လိုက်တာပါဆိုပြီး မျက်နှာတော်နဲ့ အခြားအစိတ်အပိုင်း တစ်ခုခြင်းစီကိုလည်း ပြုပြင် ပစ်လိုက် တော့တာပါပဲ။ အဲဒီလို ပြုပြင်ပစ်လိုက် တော့  ထိုင်တော်မူကြီးက အခုခေတ် ပုံစံလည်း မပေါက်သလို အရင်လက်ရာ ဆိုလို့လည်း လုံးဝ မှန်းကြည့်လို့ မရ တော့အောင် ဖြစ်သွားပါတယ်။ တကယ်လို့ ထိုင်တော်မူကြီးသာ မူလ လက်ရာအတိုင်း ရှိနေသေးရင် တလော တုန်းက အဲဒီ ဘုရားကုန်းကို လာရောက် သုတေသနပြု သွားကြတဲ့    အင်္ဂလန်နိုင်ငံ၊ လန်ဒန် တက္ကသိုလ် အရှေ့ဖျား အာဖရိက ပညာကျောင်းများမှ ဆရာမကြီး ဒေါက်တာ အက်လိဇဘက်မိုးနဲ့ တခြားပညာရှင် တွေဟာ ထိုင်တော်မူပုံစံကို သုတေသနပြု နိုင်ကြမှာဖြစ်ပြီး ဒီစေတီတော်နဲ့ ပတ်သက်လို့ ကောက်ချက်တစ်ခုခုတော့ ချနိုင်မှာပါ။
ဒါဆိုရင် ဘုရားသမိုင်းကြောင်းနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ ဒေသဆိုင်ရာ သမိုင်းကြောင်း တစ်စိတ်တစ်ဒေသ ကိုလည်း တွေးကြည့်လို့ ရနိုင်ကောင်း ပါတယ်။ အခုတော့လည်း ပညာရှင်တွေ ရောက်လာပြီး လေ့လာခဲ့ကြပေမယ့် သမိုင်းကြောင်းနဲ့ ပက်သက်လို့ ဘာမှ ရေရေရာရာ ကောက်ချက် မချနိုင်တော့ ပါဘူး။ဒါပေမယ့် အဲဒီ စေတီတွေရဲ့ သမိုင်းကြောင်းကို ပြောနိုင်မယ့် သဲလွန် စလေးတစ်ခုတော့ အနီးအနားမှာ ရှိနေ ခဲ့ပါတယ်။ ကြောင်လိုလို ကြွက်လိုလိုပုံစံ ဂဝံရုပ်ထုလေး တစ်ခုပါ။ အလျား နှစ်ပေ လောက်နဲ့ အမြင့်အားဖြင့် တစ်ပေလောက် ပဲ ရှိပါတယ်။ အဲဒီရုပ်ထုလေးက ဘုရား ကို ဦးခိုက်နေတဲ့ ပုံစံမျိုးဖြစ်ပြီး မြေအောက် မှာ နစ်မြုပ်နေတဲ့ ဂဝံကျောက် လွှာကြီးရဲ့ အစိတ်အပိုင်း တစ်ခုကို ထုလုပ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဘိုးစဉ် ဘောင် ဆက်ကတည်းက ဂဝံရုပ်ထု လေးကို သူ့နေရာကနေ မရွေ့ဘဲ တစ်နေရာတည်း မှာပဲ တွေ့မြင်နေရတာပါ။ ပြီးခဲ့တဲ့ ခြောက်နှစ်လောက်ကတော့ ဒီစေတီ အနီးမှာ သီတင်းသုံးနေခဲ့တဲ့ မင်းရပ်ရွာ ဆီပင်ကျောင်းဆရာတော် ဦးဝါယမဟာ မြေကြီးထဲကနေ တစ်ပိုင်း တစ်စပေါ်ထွက် နေတဲ့ ဂဝံဆင်းတုတော် အောက်ပိုင်းကြီး တစ်ခု မထင်မှတ်ပဲ တွေ့ပြန်ပါတယ်။ ဆင်းတုတော် ကြီးဟာ ရင်အောက်ပိုင်း ကိုယ်ထည်သာ ကျန်နေခဲ့ပြီး အထက်ပိုင်း ပခုံးနဲ့ ဦးခေါင်းတို့ကိုတော့ မတွေ့ရတော့ ပါဘူး။ အတိုင်းအတာအားဖြင့် ဒူးနှစ် ဖက်အကျယ် နှစ်ပေခွဲလောက် ရှိပါတယ်။ အခုလို ဆင်းတုတော် အကျိုးအပဲ့ ကြီးတစ်ခု ထပ်မံတွေ့ရှိရတယ် ဆိုတော့ အရင်က ဒီစေတီ အနီးနားတစ်ဝိုက်မှာ ဂဝံလက်ရာနဲ့ ရုပ်ထုတွေ တော်တော် များများ ရှိနေအုံးမယ်လို့ ယူဆရပါတယ်။ ဂဝံကျောက်ကို ထွင်းထုထားတဲ့ ကျောက် ချပ်ကြီးတွေကိုတော့ ဘုရားရင်ပြင်ပေါ်ကို တက်ရာလှေကားထစ်လေးတွေမှာ အရင် ကတည်းကနေ အခုထိ တွေ့မြင်နေရတာ ပါ။
ဂဝံရုပ်ထုတွေရှိနေတဲ့ စေတီကြီးနဲ့ ပက်သက်ပြီး ရှေ့ မီနောက်မီလူကြီး သူမတွေရဲ့ ပြောပြချက်တစ်ခု ရှိပါသေး တယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း လေးဆယ် ကျော်က စေတီရဲ့ အထက်ပိုင်းပြိုကျ တော့ အတွင်းပိုင်းက မူလစေတီ ငယ်လေး ပေါ်ထွက်လာခဲ့ပြီး ဂဝံကျောက် နဲ့ ပြုလုပ်ထားတဲ့ ကျောက်ထီး တစ်ခုကို လည်း တပ်ဆင်လျက် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါဟာ မူလစေတီတည်စဉ် ကတည်း က တပ်ဆင်ခဲ့တဲ့  ဂဝံကျောက်ထီး ဖြစ်နိုင်ပါတယ်။ အခုလက်ရှိတွေ့နေရတဲ့   စေတီကြီးက ကျောက်ထီးအပါအဝင် မူလစေတီငယ်ကို ငုံပြီးပြန်တည်ထားတဲ့ လွှမ်းစေတီပါ။ ကျွန်တော့်အနေနဲ့ကတော့ ဂဝံကျောက် ထီး ၊ အထက်ပိုင်း မပါရှိတဲ့ ဂဝံဆင်းတုတော်နဲ့ စေတီရဲ့ အနောက် မြောက်ဘက်မှာရှိနေတဲ့ ဂဝံကြွက်ရုပ် သို့မဟုတ် ကြောင်ရုပ်လေးဟာ စေတီနဲ့ ခေတ်ပြိုင် လက်ရာဖြစ်နိုင်တယ်လို့ ယူဆ မိပါတယ်။
ဒါ့အပြင် ပညာရှင်များအနေနဲ့ ဂဝံယဉ်ကျေးမှု သမိုင်းကြောင်းကို အခြေခံပြီး အရင်က ဒီနေရာ ဒီဒေသမှာ ဘယ်သူတွေ နေထိုင်သွားကြသလဲ၊ ဒါမှမဟုတ် ဒီစေတီကို ဘယ်သူတွေတည် သွားကြသလဲဆိုတာကိုလည်း  မှန်းကြည့် ရနိုင်လောက်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ဂဝံယဉ် ကျေးမှု လက်ရာ အများဆုံး တွေ့ရတာ ကတော့ မွန်ပြည်နယ် သထုံမြို့ဟောင်း ဝန်းကျင်မှာ ဖြစ်ပါတယ်။ တွေ့ရှိရတဲ့ ဂဝံလက်ရာတွေကတော့ အမျိုးမျိုးပါ။စေတီ၊ ဘုရားရုပ်ထု၊ လေးမျက်နှာ ဘုရား၊ ခြင်္သေ့၊ ဆင်၊ မြင်းရုပ်ထု၊ အုတ်ချပ်၊ ရေတွင်း၊ ကျောက်ထီး၊ အရုပ် ဒီဇိုင်းထွင်းထုထားတဲ့ မြို့ရိုး အုတ် နံရံကြီး… စသဖြင့် အမျိုးအစား စုံလင်တဲ့ လက်ရာ အများအပြားကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဂဝံကျောက် နဲ့ ထွင်းထုထား တဲ့ ယဉ်ကျေးမှု လက်ရာများကို သထုံ မြို့ဟောင်းဒေသနဲ့ မုတ္တမ ဝန်းကျင်တို့မှာ အများဆုံး တွေ့ရတဲ့အပြင် ဂဝံကျောက် လွှာများ ပေါများတဲ့ ပဲခူးတိုင်း၊ ရန်ကုန် တိုင်း သံလျင် ထမလုံနဲ့ ပါဒကြီး မြို့ဟောင်းတွေမှာ တွေ့ရပြီး မြန်မာနိုင်ငံ အောက်ပိုင်း ထားဝယ်နဲ့ တနင်္သာရီ မြို့များမှာလည်း တွေ့ရပါသေးတယ်။ ဆရာကြီး ဦးစံဝင်းက သူ့ရဲ့ ” သုဝဏ္ဏဘူမိ သုတေသန”  စာအုပ်မှာ ဂဝံယဉ်ကျေးမှု ((Laterite Culture) ) ကို သထုံမြို့ဟောင်းနဲ့ အနီးတစ်ဝိုက်မှာ အများအပြား တွေ့ရတဲ့ အကြောင်း၊ အဲဒီ ဂဝံယဉ်ကျေးမှု လက်ရာ များရဲ့သက်တမ်းကို ခန့်မှန်းရ ခက်ခဲ ကြောင်း၊ ဒါပေမယ့်လည်း ဂဝံအုတ်ချပ် တွေနဲ့ အတူတွဲပြီး အလွန်ရှေးကျတဲ့ လက်စင်းရာ အုတ်ချပ်များနဲ့ အတူတွဲပြီး တွေ့ရလေ့ ရှိကြောင်းနဲ့ ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ သထုံမြို့ဟာ ခရစ် ၁ ရာစုလောက် ကတည်းက စည်ပင်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်ကြောင်း ဖော်ပြထားတာ ကို ဖတ်ရှုရဖူးပါတယ်။
တချို့ သုတေသီများကလည်း ဂဝံ ယဉ်ကျေးမှုဟာ မွန် ခမာလူမျိုးတွေနဲ့ ဒွန်တွဲပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ယဉ် ကျေးမှု တစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းက သထုံ ဒေသ အပါအဝင် မွန်တိုင်းရင်းသားများ နေထိုင်ခဲ့ဖူးရာ နေရာဒေသများနဲ့ မွန်ခမာ အနွယ်ဝင်များ ပျံ့နံ့နေထိုင်ရာ ကမ္ဘော ဒီယားနိုင်ငံနဲ့ ယိုးဒယားနိုင်ငံတို့မှာ လည်း အများအပြား တွေ့ရသေးတယ်လို့ သိရပါတယ်။
ထားဝယ်ဒေသမှာ ရှေးခေတ် လက်ရာ ဂဝံရုပ်ထုများကို မင်းရပ်ရွာရှိ ဘုရားကုန်းမှာ တွေ့ရသလို၊ လောင်းလုံး မြို့နယ်ထဲက ကြက်ယက်တွင်း  ရွာနဲ့ တခြား နေရာတွေမှာလည်း တွေ့ရှိရသေး တယ်လို့ ဆိုပါတယ်။  ကျွန်တော်တို့ ခြောက်တန်းကျောင်းသား အရွယ်က ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ခေါ်ပြလို့ နခံတောရွာ ရာဘာခြံ တစ်ခြံထဲမှာရှိတဲ့ ဂဝံကျောက်အင်းတစ်ခု (ဒေသအခေါ် “ကကြီး ခခွေးအိုင်”) ကို သွားကြည့်ဖူးပါတယ်။ မြန်မာ အက္ခရာ ကကြီး ခခွေး ပုံစံတွေ ထွင်းထားသလို ချိုင့်ခွက်တွေပေါ်နေခဲ့တဲ့ ကျောက်ဖျာကြီး ဟာ တကယ်တော့ ရှေးခေတ်လူများ ဝံကျောက်ထုတ်လုပ်ရာ နေရာဖြစ် ကြောင်း နောက်ပိုင်းမှာမှ သိခဲ့ရတာပါ။  သုတေသနပညာရှင်များရဲ့အဆိုအရ ဂဝံ ယဉ်ကျေးမှု လက်ရာများဟာ ခရစ်နှစ် ၁ ရာစု လောက်ကတည်းက ထွန်းကား နေခဲ့တဲ့ ယဉ်ကျေးမှု တစ်ရပ် ဖြစ်ပါ တယ်။ ပြီးတော့ မွန် ခမာ အနွယ် ဝင်တွေ ဖန်တီး ပြုလုပ်ခဲ့တဲ့  ယဉ်ကျေးမှု အနု ပညာလက်ရာများ ဖြစ်တယ်လို့လည်း မှတ်ယူရပါမယ်။
ဒီလိုဆိုရင် မင်းရပ်ရွာက ဂဝံ ရုပ်ထု များ အပါအဝင် ထားဝယ်ဒေသ အသီး သီးမှာ တွေ့ရှိရတဲ့ ဂဝံလက်ရာများဟာ မွန်လူမျိုးတွေ ဒီဒေသ တစ်လျှောက်မှာ နေထိုင်စဉ်အခါက ထုလုပ်ဖန်တီးသွားတဲ့ ယဉ်ကျေးမှုလက်ရာများအဖြစ် ယူဆရ မယ် ထင်ပါတယ်။ နောက်တစ်ချက်က ဂဝံယဉ်ကျေးမှုဟာ ရှေးမွန်လူမျိုးများ နေထိုင်ရာ ယိုးဒယားနိုင်ငံမှာလည်း ရှေးခေတ် ဂဝံယဉ်ကျေးမှုတွေ အကြီး အကျယ် ထွန်းကားခဲ့ကြောင်းကို ဒီနေ့ အထိ ကျန်နေသေးတဲ့ အဲဒီနိုင်ငံက ဂဝံ ရုပ်ထုတွေနဲ့ စေတီပုထိုးများက သက်သေ ခံလျက် ရှိတယ်လို့ သိရ ပါတယ်။ဒါကြောင့်မို့ အစဉ်အဆက်ပြော ဆိုလာခဲ့တဲ့အတိုင်း ရှေးခေတ်လက်ရာ ဂဝံရုပ်ထုများရှိနေတဲ့ မင်းရပ်ရွာက စေတီများဟာ ရှေးမွန်လူမျိုးများနဲ့ ယဉ်ကျေးမှု နှီးနွယ်ဖူးတဲ့ ယိုးဒယားများ ထားဝယ်ဒေသကို လာရောက်အုပ်စိုးစဉ် အချိန်များမှာ တည်သွားခဲ့တဲ့ စေတီတွေ ဖြစ်တယ်ဆိုတဲ့ အချက်ဟာလည်း လက်ခံချင်စရာ ကောင်းတာပါပဲ ။ အခုလို ယူဆချက် နှစ်ချက်ကို ပြောရတာကလည်း ကျွန်တော်တို့ ထားဝယ်ဒေသမှာ မွန်တွေ နေထိုင်သွား ခဲ့ဖူးကြောင်း သက်သေ အထောက်ထားတွေ အခိုင်အလုံရှိနေခဲ့သလို၊ ယိုးဒယားတွေ လာရောက် အုပ်ချုပ် သွားခဲ့တဲ့ အချိန်ကာလတွေ အမှန် တကယ် ရှိနေခဲ့ကြောင်းလည်း သမိုင်းမှတ်တမ်းမှာ အထင်အရှား ရှိနေခဲ့လို့ ဖြစ်ပါတယ်။ ထားဝယ်ဒေသက ဂဝံလက်ရာ များဟာ မွန်တိုင်းရင်းသား သို့မဟုတ် ယိုးဒယားတို့ရဲ့ လက်ရာ ဖြစ်နိုင်ကြောင်း ယူဆရတာထက် ပိုပြီး အဲဒါတွေကို ထုလုပ်တဲ့ ခေတ်ကာလ အခြေနေကို မှန်းကြည့်ဖို့ကျတော့ ခက်ခဲနိုင်ပါတယ်။
ဂဝံကျောက်တွေဟာ ရာသီဥတု တိုက်စားမှုကို မခံနိုင်တဲ့ ကျောက်အမျိုးအစားဖြစ်ပြီး ထွင်းထုခဲ့တဲ့ အနုပညာ လက်ရာများကလည်း မှန်းဆလို့ မရလောက်အောင်ကို ပျက်စီး ယိုယွင်းနေခဲ့တာကြောင့် ခေတ်ကာလကို ခန့်မှန်းဖို့ ခက်ခဲကြောင်း ပညာရှင်များက ဆိုပါတယ်။ တကယ်လို့ ထားဝယ်ဒေသက ဂဝံယဉ်ကျေးမှုလက်ရာများကို မွန်လူမျိုး တို့ရဲ့လက်ရာများအဖြစ် ယူဆမယ် ဆိုရင်တော့ အဲဒါတွေကို ပြုလုပ်ဖန်တီး ခဲ့တဲ့ ခေတ်ကာလ တစ်ခုတော့ ရှိရမှာပါ။အဲဒီကာလကလည်း   ထားဝယ် ဒေသမှာ မွန်တို့ အစောဆုံးနေထိုင်တဲ့ အချိန်ကနေ နောက်ဆုံး နေထိုင်သွားခဲ့တဲ့ အချိန် အတောအတွင်း ဘယ်ခေတ် ပိုင်းခြားမှာ မဆိုဖြစ်နိုင်တာချည်းပါပဲ။
ဘာဖြစ်လို့လဲဆိုရင် မွန်လူမျိုး တို့ဟာ သူတို့နဲ့ ဒွန်တွဲပြီး ဖွံ့ဖြိုး တိုးတက်လာတဲ့ ဂဝံလက်မှု အတတ်ပညာကို သူတို့ နေထိုင်ရာ ဒေသတွေမှာ အခုချိန်ထိ ပြုလုပ် အသုံးပြုနေကြတုန်းမို့ ဖြစ်ပါတယ်။