၂၄ နာရီ လျှပ်စစ် ဝန်ဆောင်မှု ပေးနိုင်သူကို လုပ်ငန်း ပြောင်းပေးရန် ကျွန်းစုမြို့ခံများ စာတင်

0
739

ကျွန်းစုမြို့ နယ်တွင် လက်ရှိ လုပ် ကိုင်နေသည့် လျှပ်စစ် ဝန်ဆောင်မှု လုပ်ငန်းကို ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်သည့် ကုမ္ပဏီအား လွှဲပြောင်း ပေးရန် ဒေသခံ ၁၀၀ ဦးကျော်က လက်မှတ်ထိုးပြီး မတ်လဆန်းပိုင်းက တိုင်းအစိုးရထံအပါအဝင် သက်ဆိုင်ရာ ဋ္ဌာနများသို့ စာတင်လိုက်ကြောင်း ကျွန်းစုမြို့ခံများ ထံမှ သိရသည်။


ကျွန်းစုမြို့နယ်တွင် အမှတ် (၁) (၂) (၃) (၄) ရပ်ကွက်များ၊ ကတ္တလူ ကျေးရွာနှင့် ထိန်ချောင်ကျေးရွာများ တည်ရှိပြီး ယခင်ကကျွန်းစုမြို့နယ်တွင် အစိုးရလျှပ်စစ်မီးက ဖြန့်ဝေပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်က စပြီး ပုဂ္ဂလိက မီးလင်းရေးသို့ လွှဲပြောင်း ပေးအပ်ပြီး နောက် ကျွန်းစုမြို့နယ်တွင် (၂၄) နာရီ လျှပ်စစ်မီးရ စေရမည်ဟု ကတိပြုထား သော်လည်း လက်ရှိအချိန်အထိ ကတိ အတိုင်း ဝန်ဆောင်မှု မပေးနိုင်သဖြင့် ယင်းသို့ စာတင်ခြင်း ဖြစ်ကြောင်း လက်မှတ်ထိုးခဲ့သူ တစ်ဦးဖြစ်သူ         ဦးအောင်မြတ်ထွန်းက ရှင်းပြသည်။
” မီးပေးနေတာက ဗို့အားလည်း မပြည့်သလို အချိန်ပြည့်လည်း မရဘူး”  ဟု ကျွန်းစုမြို့ခံ ဦးဝင်းဇော်က ဆိုသည်။
ယခုအကြိမ်သည် ဒုတိယအကြိမ် စာတင်ခြင်းဖြစ်ပြီး ပထမအကြိမ်စာတင် စဉ်က မြို့နယ် အုပ်ချုပ်ရေးက   ခေါ်ယူ   ညှိနှိုင်းပေး သော်လည်း ပြေလည်မှု မရခဲ့ ဟု အထက်ပါ မြို့ခံများက ပြောသည်။
လျှပ်စစ်မီး (၂၄) နာရီ မရရှိခြင်း ကြောင့် အစိုးရဌာန ဆိုင်ရာများနှင့် ဒေသခံလုပ်ငန်းရှင်များလည်း အခက် ကြုံနေရကြောင်း ဦးအင်စိန်က ပြော သည်။
” ရုံးမှာက လျှပ်စစ်နဲ့ လုပ်ရမယ့် အလုပ်ဆိုရင် တော်တော် ဒုက္ခရောက် ရပါတယ်၊ မီးစက်ကြီးကို ခုတ်နေရတော့ သိပ်တော့ အဆင်မပြေလှဘူး၊ (၂၄) နာရီ လျှပ်စစ်မီးရရင်တော့ ပြည်သူတွေ ရော ဒေသခံတွေပါ အဆင်ပြေကြမည်”  ဟု အသက် ၃၀ နှစ်ကျော် ကျွန်းစုမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဖွင့်ဟ သည်။
ပြီးခဲ့သည့် ၅ လဝန်းကျင်က ကျွန်းစုမြို့နယ်တွင် ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးရေး လာရောက်ညှိနှိုင်းသော် လည်း လက်ရှိလုပ်ကိုင်သူက လက်မခံ သဖြင့် အထမမြောက်ခဲ့ဟု လျှပ်စစ်ဌာန ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးမိုးမိုး က ရှင်းပြသည်။
အဆိုပါကိစ္စ လက်ရှိလျှပ်စစ် ဖြန့်ဖြူးပေးနေသည့် လုပ်ငန်းရှင်ထံ ဆက်သွယ်မေးမြန်းရာ အစိုးရဆီက လွှဲပြောင်းယူချိန်ကစပြီး စက်ရုံနှင့် ဓာတ်တိုင်းများကို လဲလှယ် ပြုပြင်ထား ရသည့်အတွက် ကျပ်သိန်း ၁၅၀ နီးပါး စိုက်ထုတ်ထားရကြောင်း၊ ထို့ကြောင့် အခြားကုမ္ပဏီတစ်ခုခုကို ချက်ချင်း လွှဲပြောင်းပေးဖို့ရန် မဖြစ်နိုင်ဟု လုပ်ငန်းရှင် ဦးသန်းကြွယ်က ရှင်းပြသည်။
“စိုက်ထုတ်ထားတဲ့ အရင်းအနှီး တွေကို ပြန်အမ်းပေးမယ်ဆိုရင်တော့ ဘယ်ကုမ္ပဏီကလာလာ လက်ကမ်း ကြိုဆိုပါတယ်”ဟု ဦးသန်းကြွယ်က ရှင်းပြသည်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ လက်ရှိတွင် ရန်ကုန် သို့ ရောက်နေသည့်အတွက် တစ်စုံတစ်ရာ မှတ်ချက် မပေးလို့ကြောင်း ပြန်လည် ဖြေကြားသည်။
လက်ရှိမှာ ကျွန်းစုမြို့နယ်တွင် နှစ်စဉ် မီးစက်မောင်းနှင်သည့်ကာလမှာ ၈ လခန့်ဖြစ်ပြီး၊ ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်သည့် ကာလမှာ ၄ လခန့် ရှိကြောင်း သိရသည်။
လျှပ်စစ်မီတာခကို တစ်ယူနှစ်လျှင် ၂၇၅ ကျပ်ကောက်ခံလျက်ရှိပြီး မသုံး မနေရ အခြေခံယူနစ် ဆယ်ယူနစ် သတ်မှတ်ထားကြောင်း သိရသည်။