ထိုင်းအစိုးရ၏ လုပ်ရပ်များက စစ်ကောင်စီကို တရားဝင်ကြောင်း အသိအမှတ်ပြုရာ ရောက်နေပြီလား

0
2556

၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် အုပ်စိုးနေသည့် မြန်မာစစ်တပ်ကို တိုက်ရိုက်ဝေဖန်ခြင်းမပြုမိစေရန် ထိုင်းနိုင်ငံက သတိထားခဲ့သော်လည်း မကြာသေးမီက ဖြစ်ရပ်များကြောင့် ၎င်း၏အိမ်နီးနားချင်းအစိုးရအပေါ် ထားရှိသည့် အမြင်နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ နားလည်ရန် ခက်ခဲသယောင် ဖြစ်လာသည်။

ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံတို့၏ အချို့နေရာများတွင် မီးခိုးမြူများ ထူထပ်နေခြင်းကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လာအိုဝန်ကြီးချုပ် ဆုန်ဆေး ဆီဖန်ဒုန် နှင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဧပြီလ ၇ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီခေါင်းဆောင်ကို “မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်” ဟူ၍ မြန်မာနိုင်ငံအတွင်းနှင့် ကမ္ဘာ့အခြားနေရာအများအပြားတွင် အငြင်းပွားဖွယ် ရာထူးအခေါ်အဝေါ် ဖြင့် ရည်ညွှန်းပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် သူ့ကိုယ်သူ ၀န်ကြီးချုပ်အဖြစ် ကြေညာခဲ့သော်လည်း မြန်မာနိုင်ငံမှ ဖြုတ်ချခံခဲ့ရသော အရပ်သားခေါင်းဆောင်များနှင့် မဲဆန္ဒရှင် အများစုမှာမူ ၎င်းအား အသိအမှတ်မပြုပေ။

ထို့အပြင် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ သဘောတူညီချက်နှင့် အညီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အွန်လိုင်းမှပြုလုပ်သည့် အစည်းအဝေးများပါအပါ အာဆီယံအဆင့် ထိပ်သီး အစည်းအဝေးများတွင် နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့် ပိတ်ပင်ထားသည်။

ယင်းဖြစ်စဉ်သည် မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုချင်းအလိုက် သဘောထားများ ကွဲပြားနေသော်ငြား  အဖွဲ့အစည်းအနေနှင့် လက်ခံထားသော သဘောတူညီမှု ဖြစ်သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဆေးဝါးကုသရန် ထွက်ခွာလာခဲ့သည့် စစ်အစိုးရ ဆန့်ကျင်ရေး တိုက်ခိုက်ရေးသမား သုံးဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး တစ်ပတ်အကြာတွင် ယခုလို လေထုညစ်ညမ်းမှု ပြဿနာ ဖြေရှင်းဖို့ရာ သုံးပွင့်ဆိုင် တွေ့ဆုံမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များသည် အဆိုပါ အမျိုးသား သုံးဦးကို ဖမ်းဆီးကာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာစစ်ကောင်စီတပ်၏ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့၏ လက်တွင်းသို့ တန်းတန်းမတ်မတ် ပြန်ပို့ခဲ့သည်။

ဆေးဝါးကုသရန် လာရောက်သည့် ရဲဘော်များကို ဤသို့ နေရပ်ပြန်ပို့ခြင်းသည် နိုင်ငံတကာ ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (National Unity Government – NUG) က ရှုတ်ချခဲ့သည်။

ထိုင်းနိုင်ငံသည် ကုလသမဂ္ဂ သဘောတူညီမှု စာချုပ်တွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အဆိုပါ သဘောတူညီချက်တွင် နေရပ်ပြန်ပါက အန္တရာယ် ကြုံရနိုင်သည့် အနေအထားတစ်စုံတစ်ရာရှိသော လူတစ်ဦးချင်းစီကို ပြည်နှင်ဒဏ်ပေးခြင်း မပြုရန် တားမြစ်ထားသည်။

လက်ရှိအထိ မြန်မာစစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့များက စုဆောင်းထားသည့် အချက်အလက်များအရ ဧပြီလ ၁၂ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်သည် အဆိုးဝါးဆုံး ဖြစ်ပြီး အနည်းဆုံး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ထိုင်းအာဏာပိုင်များသည် ထိုင်း-မြန်မာနယ်စပ် မြို့ ဖြစ်သည့် မဲဆောက်တွင် တိုက်ခန်းများကို ဝင်ရောက်ရှာဖွေခဲ့ပြီး မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မြန်မာစစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Amnesty International ၏ အဆိုအရ ဤသို့ ဝင်ရောက်ရှာဖွေနိုင်ဖို့ရာ ထိုင်းအာဏာပိုင်များသည် မြန်မာစစ်တပ်မှ အလိုရှိသော လူစာရင်းကို ဓာတ်ပုံများနှင့်တကွ ပြင်ဆင်လာခဲ့ကြောင်း သိရသည်။

ဤကဲ့သို့ ထိုင်းနိုင်ငံ၏ လတ်တလော လုပ်ရပ်များသည် မြန်မာစစ်ကောင်စီကို တရားဝင်အောင် အရာသွင်းနေသကဲ့သို့ ဖြစ်နေကြောင်း ထိုင်းနိုင်ငံ ၊ သမာဆက်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာ ပီနစ်ဘန်း ပရီဘာထရာ က မှတ်ချက်ပြုသည်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ သတိထားဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။

လေထုညစ်ညမ်းမှုဆိုင်ရာ သုံးနိုင်ငံ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပီနစ်ဘန်းက “ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် အစည်းအဝေးကျင်းပဖို့ကို မြန်မာနိုင်ငံဘက်က ဒုတိယဝန်ကြီးချုပ် ဒါမှမဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးဝန်ကြီးကို တာဝန်ပေးထားပြီး တက်ရောက်စေတာမျိုး လုပ်နိုင်ပါတယ်။ အဓိကက မင်းအောင်လှိုင် နဲ့ သံတမန်ရေးရာ ဆက်ဆံရေးမှာ အကွာအဝေး တစ်ခု ရှိထားဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။

ထိုင်းအစိုးရ၏ ဤကဲ့သို့ လုပ်ဆောင်ချက်များသည် ၎င်း၏ နိုင်ငံရေးအရ လက်တွေ့ကျမှု အပြင် မြန်မာစစ်အစိုးရနှင့် နီးစပ်မှုကို ထင်ဟပ်စေကြောင်း ပီနစ်ဘန်းက ထပ်လောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးအရ ခေါင်းဆောင်မှုဆိုင်ရာ ထိပ်ပိုင်းနေရာများတွင် တပ်မတော်သားများ၏ လွှမ်းမိုးချုပ်ကိုင်မှု သည် ထိုင်းအစိုးရ၏ မြန်မာအကျပ်အတည်းကို ကိုင်တွယ်ပုံကို တစ်နည်းတစ်ဖုံ သက်ရောက်မှု ရှိကြောင်း ဝေဖန်သူများက ထပ်လောင်းပြောဆိုကြသည်။

ကွယ်လွန်သွားပြီ ဖြစ်သော ထိုင်းနိုင်ငံ၏ ယခင် အချုပ်အခြာကောင်စီဥက္ကဋ္ဌနှင့် တပ်မတော် အကြီးအကဲဟောင်း ပရမ်တင်ဆူလာနွန်ဒါသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခေါင်းကိုင်ဖခင်ကြီး အဖြစ် ရပ်တည်ခဲ့သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီး မကြာမီတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးအတွက် ပံ့ပိုးကူညီရန် လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖြစ်သူ ပရာယွတ်ထံ စာရေးခဲ့သည်။

တစ်ဖက်မှာလည်း လက်ရှိ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်သည်ပင် ဖွေထိုင်းပါတီဦးဆောင်သည့် အရပ်သား အစိုးရကို ဖြုတ်ချကာ ၊ ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် အငြိမ်းစားစစ်တပ် အကြီးအကဲတစ်ဦး ဖြစ်သည်။

မကြာသေးမီက ထိုင်းတရားရုံးတစ်ခုက ဝန်ကြီးချုပ်အဖြစ် (၂၀၂၅ ခုနှစ်အထိ) သက်တမ်း နှစ်နှစ်သာ ကျန်တော့သည်ဟု ယူဆခံထားရသော်လည်း မည်သို့ပင် ဆိုစေကာမူ ပရာယွတ်သည် မကြာမီ ကျင်းပမည့် မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဦးမည် ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာစစ် ပီရုမ်ရာ က ပရာယွတ်သည် “စိတ်ရင်းထဲကကို စစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်ပြီး ရှေးရိုးဆန်သောသူ ဖြစ်ကာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ဆက်ဆံရေးကို ဗိုလ်ချုပ်ကြီးတစ်ဦး၏ အမြင်မှ အခြေခံသည်” ဟု မှတ်ချက်ပေးခဲ့သည်။

ထို့အပြင်ကာစစ် က “(မြန်မာနိုင်ငံ ရဲ့ လက်ရှိ ပဋိပက္ခအပေါ် ဆုံးဖြတ်တဲ့နေရာမှာ) သူ့ (ပရာယွတ်)ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးအပြင် မြန်မာနိုင်ငံ နဲ့ တပ်မတော်နှစ်ခုအကြား ဆက်ဆံရေးအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေကို ချပါတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း ဖက်ဒရယ်စနစ် ၊ ဒီမိုကရေစီ နဲ့ နိုင်ငံရေးအရ ပူးပေါင်းပါဝင်ရေး စတာတွေအပေါ် မြန်မာလူမျိုးအပြင် အခြားသော တိုင်းရင်းသားလူမျိုးစုံ အသီးသီးတို့ရဲ့ ဆန္ဒတွေအားလုံးကို လျစ်လျူရှုပြီး ဆုံးဖြတ်တာပါ” ဟု စထရိတ်တိုင်းမ်စ် သတင်းဌာန ကို ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်းအစိုးရ၏ သံတမန်ရေးအရ လှုပ်ရှားမှုအချို့သည် မကြာမီကျင်းပမည့် မေလ ၁၄ ရက် ရွေးကောက်ပွဲအတွက် နိုင်ငံရေး တွက်ချက်မှုများအပေါ် လွှမ်းမိုးနိုင်သည်ဟု လေ့လာသူများက သတိပေး ထားသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နှစ်စဉ် လယ်မြေများ မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှု အန္တရာယ်ရှိ အဆင့်များသည် အများပြည်သူ၏ ဒေါသကို ဆွပေးနေပြီး ယင်းအခြေအနေကို လက်ရှိ တာဝန်ထမ်းဆောင်နေသော နိုင်ငံရေးသမားများကို ထိုးနှက်ရန် အတိုက်အခံ ပါတီများက အသုံးပြုလျက် ရှိသည်။

ပရာယွတ်သည် ယင်းလေထုညစ်ညမ်းမှုပြဿနာကို မည်မျှ အလေးအနက်ထား ဆောင်ရွက်နေသည် ကို ပြသရန် ဤကဲ့သို့ သုံးနိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးကို ခေါ်ယူခဲ့ဖွယ် ရှိကြောင်း ဒေါက်တာ ပီနစ်ဘန်း က ပြောကြားခဲ့သည်။

သို့သော် ပထဝီဝင်အနေအထားများအရ နီးကပ်စွာ တည်ရှိနေခြင်းကြောင့် မြန်မာပြည်သူများအတွက် ပြင်းထန်စွာ ထိခိုက်နစ်နာစေသည့် လက်ရှိ အကျပ်အတည်းအပေါ် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်များသည် မြန်မာ့နိုင်ငံရေးအတွက် အာဆီယံ၏ လုပ်ငန်းစဉ်များကို ပုံဖော်ရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေမည့် အန္တရာယ်များ ရှိနေသည်။

ဘာသာပြန် – ဒါလီ

Thailand’s latest actions legitimise Myanmar regime, say analysts by Tan Hui Yee, The Straits Times ကို ဘာသာပြန်ဆိုရေးသားသည်။