ကြက်တိုက်နေသူများကို PDF ကဖမ်း၍ ခြေထောက်ကို သုံးချက်စီရိုက်ပြီး ပြစ်ဒဏ်ပေး

0
2213

လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာတစ်ရွာတွင် ကြက်တိုက်လောင်းကစားပြုလုပ်နေသူ ၂၁ ဦးကို ဖမ်းမိသဖြင့် ခြေထောက်ကို သုံးချက်စီရိုက်၍ ပြစ်ဒဏ်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

သတင်းရ၍ ဧပြီလ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်ကသွားရောက်ဖမ်းဆီးခဲ့ရာ လူဦးရေ ၂၁ ဦးခန့်နှင့် လောင်းကြေးငွေ လေးသိန်းသုံးသောင်းကျပ်တိတိကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

“သေနတ်သံကတော့ နှစ်ချက်လောက်ကြားလိုက်တယ်။ လောင်းကစားဝိုင်းကို သတိပေးတယ်လို့တော့ ကြားရတာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

လောင်းကြေးငွေများကို သိမ်းဆည်းခဲ့ပြီး လောင်းကစားပြုလုပ်သူများကိုမူ ခြေထောက်ကိုသုံးချက်စီရိုက်၍ ပြစ်ဒဏ်ပေးခဲ့ကာ ခံဝန်ကတိယူ၍ ပြန်လွတ်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် လောင်းကစားပြုလုပ်ခြင်းကို မပြုလုပ်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်ခဲ့ပြီး ဆက်လက်ပြုလုပ်နေမည်ဆိုပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နာဝါရီ ၂၇ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာတွင် လောင်းကစားပြုလုပ်နေသူ ၂၀ ဦးခန့်ကို သုံးချက်စီရိုက်၍ ပြစ်ဒဏ်ပေးခဲ့ပြီး လောင်းကြေးအဖြစ် မြန်မာငွေ ၁၂ သိန်းကျပ်နှင့် ထိုင်းငွေ ဘတ် ၂၀၀၀ ခန့်ကိုလည်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။