၂၀၁၁ ခုနှစ် နိုင်ငံရေးပြက္ခဒိန်အရ ဆိုပါက မြန်မာနိုင်ငံ၏ န၀မမြောက် သမ္မတကိုရက်ပိုင်း အတွင်း သိရတော့မည်ဖြစ်သည်။ လွှတ်တော်သက် တမ်းအသစ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် မည်ဖြစ်ပြီး သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ ရွေးချယ်ပြီးပါက သက်ဆိုင်ရာ အစုအဖွဲ့ (ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသား လွှတ်တော်အစုအဖွဲ့နှင့် တပ်မတော်သားကိုယ်စား လှယ်အစုအဖွဲ့) တို့က သမ္မတလောင်းများရွေးချယ် ကြမည်ဖြစ်သည်။
ယင်းနောက် သမ္မတလောင်း သုံးဦးကို မဲပေးပြီး မဲအများဆုံးရသူက သမ္မတဖြစ် လာမည် ဖြစ်သည်။ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အများစု အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ နှစ်ရပ်စလုံးကို ထိန်းချုပ်ခွင့်ရထားရာ NLD မှ တင်မည့်သမ္မတလောင်း ၂ ဦးရှိမည် ဖြစ်သည်။ တစ်ဦးမှာ သမ္မတဖြစ်လာပြီး အခြား တစ်ဦးမှာ ဒုတိယသမ္မတ ဖြစ်လာမည်။
NLD မှ တင်မည့်သမ္မတလောင်းကို တရား ဝင်ထုတ်ဖော်မပြောသေးသော်လည်း ဖြစ်နိုင်ဖွယ် လူပုဂ္ဂိုလ်များကို ထင်ကြေးပေးနေကြပြီ ဖြစ်သည်။ပါတီနာကယ သူရဦးတင်ဦး၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဦးထင်ကျော်တို့နှင့်အတူ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ် လာနိုင်သော အခြားတစ်ဦးမှာ သူ(မ)၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင် ၅ ဦးနှင့်တွေ့ဆုံခဲ့ ရာတွင် ပါတီခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့နှင့်အတူ ဗဟိုအလုပ် မှုဆောင်မဟုတ်သည့် ဒေါက်တာတင်မျိုးဝင်းလည်း ပါဝင်လာခဲ့သည်။NLD ၏ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် ဇာတိ ဒေါက်တာတင်မျိုးဝင်း ထိုသို့တွေ့ဆုံပွဲတွင် ရုတ်တရက်ပါဝင်လာခဲ့ရာ သမ္မတအဖြစ် တင်သွင်း နိုင်ချေရာခိုင်နှုန်း ပိုတက်လာခဲ့သည်။
ခွဲစိတ်ကုဆရာဝန်တစ်ဦးဖြစ်ပြီး မြိတ်မြို့ တလိုင်းစုရပ်ကွက်တွင် နေထိုင်ခဲ့သော ဒေါက်တာ တင်မျိုးဝင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ချ ယုံကြည်ရသူအဖြစ် သတ်မှတ်ခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အကျခံ နေရစဉ်ကပင် ဝင်ထွက်သွားလာခွင့်ရှိသူဖြစ်သည်။
မြိတ်မြို့၊ အမှတ်(၁)၊ အခြေခံပညာ အထက် တန်းကျောင်းမှ ၁၀ တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တွင် ဆေးပညာဆည်းပူးခဲ့သည်။ ယင်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်လာပြီး ထောင်ကျ ခံခဲ့ရကြောင်း မြိတ်မြို့နယ် NLD အလုပ်မှုဆောင် အဖွဲ့ဝင် ဦးအော်ကောင်းက ပြောသည်။ “ထောင်ကပြန်လွတ်လာပြီးနောက်ပိုင်းမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်ဖြစ် လာတယ်”ဟု အသက် ၇၂ နှစ်အရွယ်ရှိ ၎င်းကဆို သည်။
စိတ်ရင်းကောင်းပြီး နှိမ့်ချစွာနေထိုင်တတ်သူ ဟု နာမည်ရသော ခွဲစိတ်ကုဆရာဝန်မှာ ရန်ကုန်မြို့ မဟာဗန္ဓုလလမ်း (ဘားလမ်း) ရှိ မွတ်စလင်ကုသိုလ် ဖြစ်ဆေးရုံတွင် ခွဲစိတ်ကုဆရာအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိသည်။
“လူတစ်ဖက်သားကိုလည်း ကူညီချင်စိတ်ရှိ တယ်။ လုပ်စရာရှိတာကို သတ္တိရှိရှိနဲ့လုပ်သွား တတ်တဲ့ အလေ့ရှိတယ်”ဟု တနင်္သာရီတိုင်း NLD စတင်ဖွဲ့စည်းစဉ်က အတူလုပ်ကိုင်လာသူ ဒေါက်တာ သန်းဝင်းက ဆိုသည်။ဒေါ်အောင်ဆန်း စုကြည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် သမ္မတဖြစ်ခွင့်မရ (သေး)သည့် အချိန်တွင် အခြား ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်ရမည် ဖြစ်ရာ သူနှင့်အနီးကပ်ယုံကြည်စိတ်ချရသူ ဖြစ်ခြင်း၊ တပ်မတော်မှ လက်ခံနိုင်သူဖြစ်ခြင်းတို့မှာ အရေးပါ လာသည်။
တပ်မတော်ခေါင်းဆောင်များနှင့် ဇန်နဝါရီလ ၂၅ရက်နေ့ လောလောလတ်လတ်တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲလွန်ကာလ Transition နှင့် တည်ငြိမ် အေးချမ်းရေးကိစ္စရပ်များ၊ လွှတ်တော်နှင့် ပတ်သက် သောကိစ္စရပ်များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရကိစ္စ ရပ်များ၊ ဃြဗ လက်မှတ်ရေး ထိုးပြီး နောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း NLD က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် တပ်မတော်ဘက်မှ သမ္မတ လောင်းအဖြစ် တင်သွင်းမည်ဟု သတင်းထွက်နေ သည့် ဒုတိယကာကွယ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းလည်း ပါဝင်ခဲ့ရာ ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်း လွှတ်တော်သစ်တွင် စတင်တော့မည့် သမ္မတ ရွေးကောက်တင်မြှောက်ရေးနှင့် အစိုးရဖွဲ့ ရေးမှာ တွေ့ဆုံပွဲတွင် များစွာအရေးပါဖွယ်ရှိကြောင်း နိုင်ငံရေး အကဲခတ်များကဆိုကြသည်။
“ကျွန်တော်စိတ်မဝင်စားပါဘူး” ဟု သမ္မတနေရာနှင့်ပတ်သက်၍ ဒေါက်တာတင်မျိုးဝင်း က BBC သတင်းဌာနကို ဒီဇင်ဘာလအတွင်းက ပြောဆိုထားသော်လည်း ယင်းတွေ့ဆုံပွဲတွင် ရုတ် တရက်ပါဝင်လာရာ လာမည့်အစိုးရသစ်ခေါင်းဆောင် သမ္မတအဖြစ် ရွေးချယ်ထားသလောဟူသော မေးခွန်း များထွက်ပေါ်လာသည်။
အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော အရပ်သားတစ်ဦးကိုလည်း သမ္မတ လောင်း အဖြစ်တင်သွင်းခွင့်ရရှိရာ ဒေါ်အောင်ဆန်း စုကြည်၏ ပါတီဝင်ဖြစ်ရမည်၊ အရပ်သားဖြစ်ရ မည်ဟူသော စံနှုန်းများနှင့် ကိုက်ညီသည့်ဘိတ်သား (မြိတ်သား) ဒေါက်တာတင်မျိုးဝင်းမှာ NLD အစိုးရ၏သမ္မတလော။
“ဒေါ်အောင်ဆန်းစုကြည်ကကော သူရွေးထား တဲ့ သမ္မတ (လောင်း) ကို ကာကွယ်ရေးဦးစီးချုပ်နဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးတာမဖြစ်နိုင်ဘူးလား” ဟု BBC သတင်းထောက် Jonah Fisher က မေးခွန်းထုတ်ထားသည်။