ထားဝယ်ဒေသ ရေအရင်းအမြစ်အခြေအနေ အစီရင်ခံစာပြုစုမည်

0
383

ထားဝယ်ဒေသတွင်း ရေပေးဝေရေး လုပ်ငန်း လုပ်ကိုင်သူများအတွက် အထောက်အကူပြုနိုင်ရန်အတွက် ရေ အရင်းအမြစ် အခြေအနေ အစီရင်ခံစာ တစ်စောင် ပြုစုနိုင်ရန် လာမည့် မတ်လ ဆန်းတွင် လေ့လာဆန်းစစ်မှု စတင်လုပ် ဆောင်မည် ဖြစ်ကြောင်း ထားဝယ်သား ရေပညာရှင် ဦးကျော်ဦးက ပြောသည်။

ရေအနည်းဆုံးအချိန်တွင် ချောင်း အတွင်းရေပမာဏ မည်မျှရှိသည်၊ ရေချို အရင်းအမြစ်ရရှိနိုင်သော နေရာများ ဖြစ်သည့် မြေအောက် ရေနှင့်မြေပေါ် ရေများနှင့် ထားဝယ်ဒေသတွင် မည် သည့်လတွင် မိုးမည်မျှရွာသည်၊ ရေငွေ့ ပြန်နှုန်းမည်မျှရှိသည်တို့ကိုပါ တိုင်းတာ မည်ဟု အဆိုပါအစီအစဉ်ကို ကမကထ ပြုသူလည်းဖြစ်သည့် ဦးကျော်ဦးက ပြောသည်။

အဆိုပါ အစီရင်ခံစာကို ရေဘက် ဆိုင်ရာလုပ်ငန်းများကို ပြည်တွင်းပြည်ပ အတွေ့အကြုံရှိ ပညာရှင်များဖြင့် ဖွဲ့ စည်းလုပ် ဆောင်လျက်ရှိသော National Engineering and Planning Services (NEPS) က ပြုစုရေးသားမည်ဟု ဇန်နဝါရီလ ၂၇ ရက် ကထားဝယ်မြို့ မြန်မာ့နှစ်ခြင်း ခရစ်ယာန်အသင်းတော် တွင် ပြုလုပ်သည့် အဆိုပါ အစီရင်ခံစာ ကိစ္စ အစည်းအဝေးမှ သိရသည်။
“အစီရင်ခံစာပြုစုဖို့ ဧရိယာတစ်ခု သတ်မှတ်ပြီး အဲဒီဧရိယာအတွင်း တိုင်း တာမှုပြုလုပ်သွားမယ်”ဟု NEPS မှ အဖွဲ့ခေါင်းဆောင် ဦးကျော်ကျော်ဝင်း က ပြောသည်။

ယခုအစီရင်ခံစာ ပြုစုထားခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၊ မြန်မာ အစိုးရ၊ JICA စသည့်အဖွဲ့အစည်းများက ထားဝယ် ဒေသအတွင်း ရေပေးဝေရေး လုပ်ငန်းကို လုပ်ကိုင်လိုပါက အစီရင်ခံစာ ထပ်မံ ပြုစုရန် မလိုတော့ဘဲ အကောင်အထည် ဖော်နိုင်မည်ဖြစ်ကာ ယင်းအစီအရင် ခံစာကို ပြည်တွင်းပြည်ပ မည်သည့်အဖွဲ့ အစည်းမဆို အခကြေးငွေ တစ်စုံတစ်ရာ ပေးစရာမလိုဘဲ အသုံးပြုနိုင်မည်ဟု ဦးကျော်ဦးထံမှ သိရသည်။
“အစီရင်ခံစာ ပထမအဆင့်က ဧပြီ လမှာ ပြီးမယ်၊ အချောသပ်တော့ ငွေရေး ကြေးရေးမှာ အဓိကမူတည်တယ်၊ လာ မယ့် နှစ်ဖြစ်သွားနိုင်တယ်” ဟု ဦးကျော်ဦးက ဆိုသည်။

ထားဝယ်ဒေသ၏ တစ်နှစ် ပျမ်းမျှ မိုးရေချိန် ၂၁၅ လက်မရှိပြီး ရေငွေ့ပျံနှုန်း မှာ ၇၁ လက်မ ရှိသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန မှတ်တမ်း အရ သိရသည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့လူဦးရေ ၇၈၃၁၁ ဦးရှိပြီး တစ်နေ့ ရေလို အပ်မှု ပမာဏမှာ ၁၅၆၆၂၂၀ ဂါလံ ဖြစ်ကာ စည်ပင်နှင့်ပုဂ္ဂလိကမှ ရေပေးဝေနိုင်မှု ပမာဏမှာ ၉၉၀၀၀၀ ဂါလံ၊ တစ်နေ့ ရေထပ်လိုအပ်မည့် ပမာဏမှာ ၅၇၆၂၂၀ ဂါလံဖြစ်သည်ဟု တိုင်း စည်ပင်သာယာ ရေးအဖွဲ့၏မှတ်တမ်းအရ သိရသည်။
ယင်းရေချိုအရင်းအမြစ်များကို ရရှိရန် အညာဖျားချောင်းမှ စိမ့်စမ်းရေကို ထားဝယ်မြို့သို့ သွယ်တန်းမည့်စီမံကိန်း အတွက် ဆန်းစစ်လေ့လာမှု ပြုလုပ်ရာ အညာဖျားဒေသခံများ ကန့်ကွက်ခဲ့ဖူး သည်။

ထားဝယ်မြို့ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဘ၀ပင်ကျေးရွာမှစပြီး စော်ဖျားကျေးရွာအထိ ၃၀ မိုင်ခန့် အရှည်ရှိသော ကျေးရွာ ၁၈ ရွာကို ဖြတ်သွားသည့် ပေါက်တိုင်းချောင်းရေ ကို အသုံးပြုရန် အညာဖျားဒေသခံများက ထောက်ပြသည်။
ယင်းပေါက်တိုင်းချောင်းမှာ လက်ရှိ အချိန်တွင် သတ္တုမိုင်းများမှစွန့် ပစ်မြေ စာနှင့် ညစ်ညမ်းရေကြောင့် နောက်ကျိ လျက်ရှိသည်။