ထိုင်းနိုင်ငံ ထုတ် ကျားတံဆိပ်ပါ Ranger အချိုရည် သောက်မိရာမှ ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် အစိုးရ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသူ၊ ကျောင်းသား ဆယ်ချီ မူးဝေအော့အန်ပြီး ကော့သောင်းမြို့ ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း သက်ဆိုင်ရာ ကျောင်းထံမှ သိရသည်။
ကျောင်းမုန့်ဆိုင်တန်းတွင် ရောင်းချနေသော ယင်း အချိုရည်ဘူးများကို ဇန်န၀ါရီလ ၁၅ ရက်နေ့က ၀ယ်ယူ သောက်သုံးပြီးနောက် ခေတ္တအကြာ ကျောင်းသူကျောင်းသားများ မူးဝေလာခြင်း၊ ပျို့အန်လာခြင်းများ ဖြစ်လာပြီး အတန်းပိုင်ဆရာထံ တိုင်ကြားရာမှ ဆေးရုံ ပို့လိုက်ရကြောင်း အဆိုပါ ကျောင်းထံမှ သိရသည်။
မူးဝေ၊ အော့အန်ခြင်း ခံစားနေရသော တတိယတန်း၊ ပဉ္စမတန်း နှင့် ဆဋ္ဌမတန်း ကျောင်းသူကျောင်းသား ၁၈ ဦးကို စမ်းသပ်ကုသပေးလျက်ရှိ ယင်းတို့အနက် ကျောင်းသား ၁၀ ဦးကို ဆေးရုံ တင်ပို့ထားကြောင်း ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ နေလင်းက ဆိုသည်။
“စမ်းသပ်ချက်အရတော့ အဲဒီအချိုရည် သောက်ပြီးတဲ့ ကလေးတိုင်း ခေါင်းတွေမူးပြီး အန်ချင်တာတွေ ဖြစ်နေတယ်ဆိုတော့ အချိုရည်ကြောင့်လို့ ပြောလို့ရတယ်”ဟု ဒေါက်တာ နေလင်းက အတည်ပြုပြောကြားသည်။
ကလေးငယ်များ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း ဒေါက်တာနေလင်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည်ဟု ဖော်ပြထားသော ယင်းအချိုရည်ကို ဈေးကွက်အတွင်း တစ်ဗူး တစ်ရာကျပ်ဖြင့် ရောင်းချနေပြီး ဘူးအောက်ခြေတွင် ဖော်ပြထားလေ့ရှိသော ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများကိုလည်း ဖျက်ဆီးထားကြောင်း ကျောင်းသား မိဘများက ဆိုသည်။
ယင်းအချိုရည်တွင် ကဖီးဓာတ်ပါဝင်ပြီး တစ်ရက်လျှင် အများဆုံး နှစ်ဘူးသာ သောက်သုံးသင့်ကြောင်း၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ ကုသမှု ခံယူနေရသော အမျိုးသမီးများ မသောက်သုံးသင့်ကြောင်း ဘူးခွံတွင် အင်္ဂလိပ်ဘာသာ အနီရောင်စာတမ်းဖြင့် သတိပေးထားသည်။
“ကလေးအတွက်ရော လူကြီးတွေ ပါ အန္တရာယ်ပေးနိုင်တဲ့ စားသောက်ကုန်၊ Date Out (သက်တမ်းကုန်) နေတာတွေ ဈေးကွက်ထဲ ယူလာမရောင်းသင့်ဘူး။ အဲအချိုရည် တင်သွင်းလာသူရော ရောင်းချသူရော တာဝန်ရှိတယ်”ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သူကဆိုသည်။
အထက်ပါ အချိုရည်များကို ကျောင်းမုန့် ဈေးတန်း နှင့် စားသောက်ကုန်ရောင်း ဈေးဆိုင်အချို့နှင့် ရပ်ကွက်ဈေး တွင် အနှံ့ အပြား တွေ့နေရသည်ဟု ကော့သောင်းမြို့ခံများကဆိုသည်။
ယင်းအချိုရည်ဘူးများကို ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ လိုက်လံ သိမ်းဆည်းလျက်ရှိသည်။