ထားဝယ်တွင် ဆယ်ကျော်သက် မိန်းကလေးနှစ်ဦးထံမှ မူးယစ်ဆေးပြား ရာချီ ဖမ်းမိ

0
476

ထားဝယ်မြို့အတွင်းရှိ တည်းခိုခန်းတွင် တည်းခိုနေထိုင်သော အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် ဆက်ကျော်သက် အမျိုးသမီးနှစ်ဦးထံမှ ဆေးပြား လေးရာနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်မြို့မှ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ညီအစ်မတော်စပ်သော ယင်းအမျိုးသမီးငယ် နှစ်ဦးထံမှ စိတ်ကြွဆေးပြား ၃၇၄ ပြားဖမ်းဆီးရမိပြီး ကဒင်ဝရွာရှိ ၎င်းတို့၏ နေအိမ်အား ဆက်လက်ရှာဖွေရာ မိခင်ဖြစ်သူ ကိုယ်ပေါ်မှ စိတ်ကြွဆေးပြား ၅၀ ပြား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

၎င်းတို့မှ တဆင့် ကွင်းဆက်တရားခံအဖြစ် ရန်ကုန်မှ ထားဝယ်သို့ ခရီးသည်တင်ကားဖြင့် လိုက်ပါလာပြီး မူးယစ်ဆေး သယ်လာသူ အမျိုးသားအား ဇန်န၀ါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ထားဝယ်အဝေးပြေးကွင်း၌ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း ထားဝယ်ရဲစခန်း မှတ်တမ်းများအရ  သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသည့် အသက် ၃၀ အရွယ် အမျိုးသားဖြစ်ပြီး သူ၏ ခရီးဆောင်အိတ်အတွင်းရှိ ရွှေပြည်နန်း သနပ်ခါးဘူးအတွင်း အံဝှက်ပြုလုပ်ကာ သယ်ဆောင်လာသော မူးယစ်ဆေးပြား ၇၉၈ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်း အရသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အသက် ၃၀ အရွယ် အမျိုးသားအား မူး/စိတ်ပုဒ်မ မယ-ပ(၃) ၁၅/၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါး ရောင်းချနေသည့် အသက် ၁၉ နှစ်နှင့် အသက် ၁၅ နှစ်အရွယ် ညီအစ်မနှစ်ဦးအား မူး/စိတ်ပုဒ်မ မယ-ပ၁ ၁၅/၁၉(က)ဖြင့်လည်းကောင်း၊ မူးယစ်ဆေး လက်ဝယ်တွေ့ရှိသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးအား မူး/စိတ်ပုဒ်မ မယ-ပ၂  ၁၅/၁၉(က)/၂၁ တို့အရ အသီးသီး အမှုဖွင့် အရေးယူထားသည်ဟု ထားဝယ်ရဲစခန်း မှတ်တမ်းအရ သိရသည်။