အိပ်မက်ရှိသူများဖြစ်ကြပါစေ

0
1120
editorial

အမေရိကန်နိုင်ငံ၏ သမ္မတသစ် ဂျိုးဘိုင်ဒင်သည် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအတွင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ချမှတ်ခဲ့သည့် မူဝါဒများကို ချေဖျက်သည့်အမိန့်များ ထုတ်ပြန်လိုက်သည်။

နိုင်ငံ၏အရေးကိစ္စများသာမက ကမ္ဘာ့အရေးနှင့်သက်ဆိုင်သည့် ပြောင်းလဲမှုများကို သမ္မတဖြစ်ဖြစ်ချင်း လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

သမ္မတဟောင်းလက်ထက်က ချမှတ်ခဲ့သည့် ကိုဗစ်နိုင်တင်းကပ်ရောဂါ ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများ ပယ်ဖျက်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ နုတ်ထွက်ခဲ့သည့် သမ္မတထရမ့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း၊ ရာသီဥတုဆိုင်ရာပဲရစ် သဘောတူညီချက်ကို ပြန်လည်ဝင်ရောက်ရေး စသဖြင့် အရေးကြီးကိစ္စများစွာကို လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်နိုင်ငံကဲ့သို့သော ထိပ်သီးနိုင်ငံတစ်ခု၏ အရေးပါသောမူဝါဒများနှင့် နိုင်ငံတကာနှင့်သက်ဆိုင်သည့် မူဝါဒများကို သမ္မတဖြစ်ပြီး နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးခြင်းမှာ သမ္မတသစ်တစ်ဦးအတွက် စိန်ခေါ်ချက် ကြီးမားလှသည်။

နိုင်ငံရေးသမားတစ်ဦးအနေဖြင့် သမ္မတမဖြစ်မီကတည်းက ပြုပြင်ပြောင်းလဲရေးအတွက် အိပ်မက်ကြီးစွာရှိခဲ့ပြီး ကြိုတင်ပြင်ဆင်မှု၊ သက်ရောက်မှုများအား ကြိုတင်တွက်ချက်မှု စသဖြင့် ပြင်ဆင်မှုများစွာ လုပ်ဆောင်ထားခြင်းကြောင့်သာ ယင်းသို့သော ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အထူးသဖြင့် တနင်္သာရီတိုင်းတွင် ရွေးချယ်တင်မြှောက်ခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်များတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကဲ့သို့ တိုင်းပြည်ပြုပြုပြင် ပြောင်းလဲရေးအတွက် အိပ်မက်ရှိကြပါ၏လော။

ဝန်ကြီးချုပ်၊ ဝန်ကြီးနေရာကို တာဝန်ယူမည့်သူများသည် ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသကောင်းကျိုးအတွက် ကြိုတင်ပြင်ဆင်မှုများ များစွာပြုလုပ်ထားနိုင်မှ တော်ကာ ကျပေလိမ့်မည်။

ဤနေရာတွင် လုပ်ပိုင်ခွင့်များ အကန့်အသတ်ရှိသည်ဟု စောဒကတက်နိုင်သော်လည်း ရှိထားသည့် လုပ်ပိုင်ခွင့်များကို ပြည့်ဝစွာ အသုံးချနိုင်ရန် ကြိုးပမ်းသင့်သည်။

သမ္မတအဖြစ် တာဝန်ယူမည့်သူများက သမ္မတအလျောက်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည့်သူများက ဝန်ကြီးချုပ်အလျောက် အိပ်မက်ရှိသူများအဖြစ် မြင်တွေ့လိုလှပါသည်။

အချုပ်ဆိုရလျှင် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဖြစ်လာမည့်သူသည် ဂျိုးဘိုင်ဒင် ကဲ့သို့ လုပ်ရဲကိုင်ရဲ၊ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်သည့် ပုဂ္ဂိုလ်မျိုးဖြစ်သင့်ကြောင်း မီးမောင်းထိုးပြလိုရင်းဖြစ်သည်။

အယ်ဒီတာ (ဇန်နဝါရီ ၂၂၊ ၂၀၂၁)