တနင်္သာရီတိုင်းရှိ မြေဧကတစ်သိန်းတွင် ဒူးရင်းပင် စိုက်ရန်ပြင်

0
591
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအတွင်းရှိ မြေဧက တစ်သိန်းပေါ်တွင် မလေးရှားဒူးရင်း စိုက်ခင်းစီမံကိန်းဖော်ဆောင်ရန် ပြင်ဆင်နေသည်။

ရန်ကုန်မြို့အခြေစိုက် GLOBAL SMARTTACT HOLDING (MYANMAR) ကုမ္ပဏီက လုပ်ကိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီက စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်း တင်ပြရန် တိုင်းအစိုးရအား တွေ့ဆုံခွင့် တောင်းခံထားသည်။

တိုင်းအစိုးရအား တွေ့ဆုံခွင့် တင်ပြထားသည့်စာတွင် ဖော်ပြချက်အရ အဆိုပါကုမ္ပဏီက မလေးရှားမျိုး ဒူးရင်းသီးအပြင် အခြားသီးနှံများစိုက်ပျိုး၍ အသင့်စားထုပ်ပိုးစက်ရုံများ တည်ဆောက်မည့် စီမံကိန်းလည်း ပါဝင်နေသည်။

စီမံကိန်းအချက်အလက်များ ရှင်းပြရန် ကုမ္ပဏီ၏ တောင်းဆိုချက်အတိုင်း တိုင်းအစိုးရကလည်း တွေ့ဆုံရန် အကြောင်းပြန်ထားသည်။

သီးခြားအတည်မပြုနိုင်သေးသည့် အချက်အလက်များအရ ဒူးရင်းပင်စိုက်မည့်မြေဧကတစ်သိန်းအား တစ်နေရာတည်းတွင် လုပ်ကိုင်မည်မဟုတ်ဘဲ တိုင်းအတွင်းရှိ ခရိုင်သုံးခု စလုံးတွင် စိုက်ပျိုးရန် လျာထားသည်ကို တွေ့ရသည်။

ထားဝယ်ခရိုင်တွင် ဧက လေးသောင်းခွဲအား နေရာ ၁၀ ခုတွင်လည်းကောင်း၊ မြိတ်ခရိုင်အတွင်း ဧက နှစ်သောင်းခွဲအား နေရာ ၄ ခုတွင်လည်းကောင်း၊ ကော့သောင်းခရိုင်အတွင်း ဧက သုံးသောင်းခွဲအား နေရာ ၂ ခုတွင်လည်း လုပ်ကိုင်ရန် လျာထားသည်ကို တွေ့ရသည်။

ဒူးရင်းပင်စိုက်ပျိုးရန် လျာထားသည့် နေရာအချို့မှာ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ကျရောက်နေသည်ကို တွေ့ရသည်။

ဒူးရင်းပင်စိုက်မည့် စီမံကိန်းအချက်အလက်များအား တိုင်းအစိုးရထံ မရှင်းပြရသေးသည့်အတွက် ဖြေဆိုရန် အဆင်မပြေသေးကြောင်း အထက်ပါ ကုမ္ပဏီ တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဦးသိန်းဝင်းက ဆိုသည်။

“လောလောဆယ်တော့ အဲဒီဟာ ကို အစိုးရအဖွဲ့နဲ့ မတွေ့ရသေးတဲ့အတွက် ကျွန်တော်ဖြေဖို့တော့ အဆင် သင့်မဖြစ်သေးပါဘူး ခင်ဗျား” ဟု ဦးသိန်းဝင်းက ပြောသည်။

GLOBAL SMARTTACT HOLDING (MYANMAR) ကုမ္ပဏီမှာ အစုရှယ်ယာအားဖြင့် တာဝန် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သောကုမ္ပဏီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီတွင် ဒေါ်ဝင့်ဝါဝါစိုး၊ ဒေါ်ရီမွန်အောင်၊ ဦးကျော်စိုးမင်းနှင့် ဦးမြစိုးတို့က ဒါရိုက်တာ တာဝန်ကို ယူထားသည်။

တနင်္သာရီတိုင်းအတွင်း ဆီအုန်း ကုမ္ပဏီများသည်လည်း မြေဧကသောင်း ချီကျယ်ဝန်းသည့် မြေနေရာများရယူထားပြီး အပြည့်အဝစိုက်ပျိုးနိုင်ခြင်း မရှိပေ။ ဆီအုန်းစိုက်ပျိုးရန် ဟုဆိုကာ သစ်တောများ အပိုင်သိမ်းလေ့ရှိသည်ကို ဒေသခံ တက်ကြွလှုပ်ရှားသူများက မကြာခဏ ထောက်ပြလေ့ရှိသည်။

ထို့အပြင် ဆီအုန်းစိုက်ခွင့်ရဧရိယာအတွင်း ဒေသခံများ၏ လူနေအိမ်၊ ဥယျာဉ်ခြံမြေများ ပါဝင်နေသည့်အတွက် လက်ရှိအချိန်ထိ အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။