ငွေမျော ငွေနဲ့လိုက်ကြ၊ အသေးစားချေးငွေလုပ်ငန်း ပြည်သူကို တကယ်အကျိုးပြုရဲ့လား

0
1327

အတိုးနှုန်းအလွန်သက်သာသည့် ပြည်တွင်းပြည်ပအသေးစားငွေချေးလုပ် ငန်းကုမ္ပဏီများမှာ ၂၀၀ နီးပါးအထိ ရှိလာခဲ့သော်လည်း ငွေချေးယူသည့် ပြည်သူအများအပြားမှာ ကံမကောင်းမှုနှင့် စီမံခန့်ခွဲမှုအလွဲများကြောင့် အကြွေးပြန် ဆပ်ဖို့အတွက် အရပ်ထဲမှ အတိုးကြီးကြီး ဖြင့် ပြန်ချေးယူနေကြရသည်။

အရပ်ငွေတိုးထက် များစွာသက်သာ သည့် အသေးစားငွေချေးလုပ်ငန်းများ ဒေါ်ဂျူလီတို့ နေထိုင်ရာ ဧရာ၀တီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ဝါးချောင်း ရွာသို့ ၂၀၁၇ ခုနှစ်တွင် ရောက်လာခဲ့စဉ် ဒေါ်ဂျူလီ၏အိပ်မက်က တစ်မျိုးဖြစ်သည်။

အသေးစားချေးငွေလုပ်ငန်းမှ ရသည့် အရင်းဖြင့် အရှုံးပေါ်နေသော ကွမ်းခြံတွင် ရင်းနှီးမြှုပ်နှံလိုက်လျှင် ငွေပြန်ပေါ်လာ မည်ဟု တွေးခဲ့သည်။ သို့သော် ချေးငွေ ထုတ်ယူစိုက်ပျိုးသည့် သုံးနှစ်လုံး ကံတရား ၏ မျက်နှာပေးမှုကို မရခဲ့သည့်အပြင် ယခုဆိုလျှင် မိသားစုပိုင်ဆိုင်မှုများကိုပါ ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။

“အရင်တုန်းက ကိုယ့်ခြံထဲကရတဲ့ ဟာနဲ့ စားဖို့သောက်ဖို့၊ သုံးဖွဲ့စွဲဖို့ အပူ မရှိဘူးလေ။ အခု သူထုတ်ထားတဲ့ ချေးငွေက မြုပ်သွားတော့ အဲဒီပိုက်ဆံကို ပြန်ဆပ်ဖို့ရှာနေတာနဲ့ပဲ ကိုယ့်လုပ်စာကို ကိုယ် ပြန်မစားရတော့ဘူး” ဟု ဒေါ်ဂျူလီ ၏ခင်ပွန်း ဦးလေးဒီဝမ်းက ညည်းသည်။

ယခု မိသားစုပိုင်မြေကို ဒေါ်ဂျူလီ တို့ ဆုံးရှုံးရန်နီးနေပြီ။ အသေးစားချေးငွေ လုပ်ငန်းမှ ယူထားသည့် ငွေကို ပြန်ဆပ် နိုင်ရန် လက်ရှိနေထိုင်နေသော ပေ ၆၀×၈၀ မြေကွက်ကို အရပ်ထဲမှငွေချေးသူ ထံ ပေါင်နှံကာ ၈ ကျပ်တိုးဖြင့် ငွေကျပ် နှစ်သိန်းကို သုံးလ ချေးယူခဲ့သော်လည်း ပြန်မရွေးနိုင်သည်မှာ ရက်ပေါင်း ၃၀ ကျော်လွန်သွားသောကြောင့် ဖြစ်သည်။ ဒီဇင်ဘာလရောက်သည်အထိ မြေကွက် ကို ပြန်မရွေးနိုင်သေး။

ဦးလေဒီဝမ်းတို့အိမ်တွင် ဇနီးဖြစ်သူ ဒေါ်ဂျူလီက နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်သည့် Vision fundထံမှ ငွေကျပ် ၈ သိန်း၊ သားဖြစ်သူက ၃ သိန်း၊ စုစုပေါင်း ၁၁ သိန်းအတွက် လစဉ် အတိုး၊ အရင်း ၁၂၉ယ၀၀၀ ကျပ် ပြန်ဆပ်နေရသည်။ နှစ်စဉ်ပိုးဝင်သော ကွမ်းညွန့်များနှင့်အတူ မြုပ်သွားသော ရင်းနှီးငွေများကြောင့် အကျပ်အတည်းကြုံနေရချိန် ကုမ္ပဏီ ချေးငွေ ပြန်ဆပ်ရမည့်နေ့စွဲများတွင် ယာကွက်များကို ပေါင်ရသည်။ နောက် ပိုင်း ပြန်မရွေးနိုင်သည့်အခါ ယာကွက်ကို ရောင်းလိုက်ရသည်။

ဒေါ်ဂျူလီတို့နေထိုင်သည့် ဝါးချောင်း ရွာတွင် အလားတူ အသေးစားချေးငွေလုပ်ငန်းများချေးယူပြီး အကြွေးနွံပိနေသူ များ၊ ချေးငွေပြန်မဆပ်နိုင်၍ ထွက်ပြေး တိမ်ရှောင်သူ ၅ ဦးထက်မနည်းရှိပြီး အချို့ မှာ ရန်ကုန်မြို့တွင်ပင် လာရောက်အလုပ် လုပ်ကိုင်ကာ ချေးငွေပြန်ဆပ်နိုင်ရေး ကြိုးပမ်းနေကြရသည်ဟုMyanmar Nowကို ပြောပြကြသည်။

မြန်မာနိုင်ငံတွင် အသေးစားချေးငွေ ထုတ်ပေးသည့်အဖွဲ့များ တိုးပွားလာပြီး ချေးငွေထုတ်ပေးမှု ပမာဏများပြား လာခြင်းသည် အခြေခံလူတန်းစားများ အတွက် အသက်ရှူပေါက်အဖြစ် ယူဆ ခံရသော်လည်း လက်တွေ့တွင် ကံက မျက်နှာသာမပေးခြင်း၊ ငွေကြေးစီမံခန့်ခွဲမှု ပိုင်း အားနည်းခြင်းတို့ကြောင့် အကြွေးဆပ်ဖို့ အကြွေးပြန်ယူကာ လုံးလည်ချာလည် လိုက်နေရသည်။

လူမှုအကျိုးပြုလား၊ စီးပွားရေးလား

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကြွေး ကြော်ခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ခုနှစ်တွင် အသေးစား ငွေရေးကြေးရေးဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ ပြီးနောက် အခြေခံလူတန်းစားများ ငွေရေး ကြေးရေး လက်လှမ်းမီနိုင်ရေးဝန်ဆောင်မှု အနေဖြင့် ငွေစုငွေချေးလုပ်ငန်းများသည် နိုင်ငံတစ်ဝန်း အလျင်အမြန် တိုးပွားလာ ခဲ့သည်။ ထိုကြားထဲတွင် အပေါင်မဲ့ ငွေချေးလုပ်ငန်းများသည် ဘဏ်စနစ်နှင့် မယဉ်ပါးသည့် အခြေခံလူတန်းစားများ အတွက် အားကိုးရာဆေးမြီးတိုဖြစ်မှန်း မသိ ဖြစ်လာခဲ့သည်။

အသေးစားချေးငွေ အတိုးနှုန်းသည် ယခင်က တစ်နှစ်လျှင် ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ကာ အတိုးနှုန်းကို တစ်နှစ် လျှင် ၂၈ ရာခိုင်နှုန်း (တစ်လ ၂ ရာခိုင်နှုန်း စွန်းစွန်း) သို့ အစိုးရက လျှော့ချသတ်မှတ် ခဲ့သည်။ အရပ်တိုးများမှာမူ ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ ရှိသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အသေးစားငွေရေးကြေးရေး လုပ်ငန်း ကဏ္ဍတွင် ပြည်ပမှဝင်ရောက်လာသည့် အသေးစားလုပ်ငန်းများအပါအဝင် ၁၈၉ ဖွဲ့အထိ ရှိလာပြီဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၏ စာရင်း တွင် ဖော်ပြထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၏စာရင်းအရ လက်ရှိတွင် အသေးစား ချေးငွေကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီ ၅၃ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၂ ခု၊ အစိုးရ မဟုတ်သော အဖွဲ့ ၁၅ ဖွဲ့၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့ ၃ ဖွဲ့၊ ဖက်စပ် လုပ်ကိုင်နေသည့် ကုမ္ပဏီ ၆ ခုတို့ လုပ်ကိုင် လျက်ရှိသည်။

အဆိုပါ အသေးစားချေးငွေလုပ်ငန်း များထံမှ ချေးငွေထုတ်ယူထားသူပေါင်း နိုင်ငံတစ်ဝန်း သုံးသန်းကျော်ရှိရာ ၎င်းမှာ နိုင်ငံလူဦးရေ ၅၃ သန်း၏ ၆ ရာခိုင်နှုန်း ကျော်ရှိပြီး ထိုငွေပမာဏသည် ကျပ်ငွေ ၁၇၂ ဘီလျံဖြစ်ကာ နိုင်ငံ့စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၁ ဒသမ ၅၉ ရာခိုင်နှုန်းဖြစ်သည်ဟု ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြော သည်။

အသေးစားငွေချေးလုပ်ငန်းများ တိုး တက်များပြားလာသော်လည်း ငွေချေးသူ အများစုမှာ အကြွေးဟောင်းကို အကြွေး သစ်ဖြင့် ပြန်ဖို့ရင်း အကြွေးနွံအတွင်းမှ ရုန်းမထွက်နိုင်ကြဘဲ အများအပြားသည် ငွေရေးကြေးရေးဆိုင်ရာ အသိပညာ အားနည်းသည်ကို တွေ့ရသည်ဟု ပြည်သူ့ လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာက ဆိုသည်။ ထို့ပြင် ချေးငွေကို တိကျခိုင်မာသည့် လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ကြသလို ငွေပြန်ဆပ်ရန်လည်း သေချာရေရာသည့် အစီအစဉ်များ မရှိကြသည့်အတွက် ကြွေး ထပ်ပြဿနာနှင့် ရင်ဆိုင်ကြရတော့သည် ဟု ၎င်းက သုံးသပ်ထားသည်။

“ချေးငွေဆပ်ဖို့ တစ်ပတ်တစ်ပတ် (ငွေ) မလည်ပါဘူး။ အခုက အလုပ်က အဆင်မပြေတော့ဘူး။ … အဆင်မပြေ တော့ သူတို့ကို ဆပ်ဖို့ မထည့်နိုင်ဘူး။ အပြင်ကနေ ယူရတာပေါ့။ အဆင်ပြေ မလားလို့ ယူလိုက်တာ အဆင်မပြေတော့ အကြွေးပိုတက်တယ်” ဟု ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်နေ အသက် ၅၆ နှစ်ရှိ ဒေါ်ထွေးရီက ပြောသည်။

ဒေါ်ထွေးရီသည် နိုင်ငံခြားကုမ္ပဏီ ဖြစ်သည့် LOLC မှ ကျပ်နှစ်သိန်း၊ ပြည်တွင်း ကုမ္ပဏီ Microfinance Delta Internationalမှ သုံးသိန်း ချေးယူထားပြီး အိမ်အရောင်းဆိုင်ကို အဆင့်မြှင့်တင်ရန် ရည်မှန်းခဲ့သော်လည်း ဖြစ်မလာခဲ့ပေ။

တရားမဝင်ငွေတိုးချေးနေမှုများ လျော့ကျရေးမှာ အသေးစားချေးငွေကဏ္ဍ ၏ ရည်ရွယ်ချက်တစ်ခုဖြစ်သော်လည်း လက်တွေ့တွင် အတိုးနှုန်းမြင့်သော ရပ်ကွက်ငွေတိုးများနှင့် လုံးလုံးမကင်းနိုင် ပြန်ပါ။

သုတေသနအရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် Second Tap Root (ဒုတိယရေသောက်မြစ်)အဖွဲ့၏ အစီရင်ခံစာ တစ်စောင်အရ အခြားသော အသေးစား ချေးငွေအဖွဲ့များနှင့် အတိုးနှုန်းမြင့်သော ရပ်ကွက်ငွေတိုးများကို ချေးယူနေမှုများ ကြောင့် အခြေခံလူတန်းစားများ စီးပွားရေး ကျပ်တည်းလာပြီး အခက်အခဲများ ကြုံတွေ့လာရသည်။ ၎င်းကို မန္တလေး တိုင်းဒေသကြီး ခုနစ်မြို့နယ်အတွင်း နေထိုင်သူ စံနမူနာ ဦးရေ ၂၁၀ ကို သုတေသနလုပ်ထားသည့် “အသေးစား ငွေရေးကြေးရေးကဏ္ဍ လုပ်ဆောင်မှုအခြေ အနေနှင့် စိန်ခေါ်ချက်များ” အစီရင်ခံစာ တွင် ဖော်ပြထားခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သည်။

ဒလမြို့နယ်နေ အသက် ၃၇ နှစ် အရွယ် ဒေါ်မြင့်မြင့်စန်းသည် အသေးစား ငွေစုငွေချေးလုပ်ငန်းမှ ချေးငွေရယူနေသည် မှ ငါးနှစ်ကျော်ရှိပြီ ဖြစ်သည်။ သူသည် ဒလမြို့ ကမာကဆစ်ရပ်ကွက်ရှိ လူ ၅၅ ယောက်ပါသော ဝိုင်းကြီးချုပ်မှ ခေါင်းဆောင် တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် Microfinance Delta International ကုမ္ပဏီ ထံမှ ကျပ် ၅ သိန်း၊ LOLC အဖွဲ့ထံမှ ၉ သိန်း ထုတ်ယူထားသည်။

၎င်းဖွင့်ထားသော ကုန်စုံဆိုင်မှ ဝင်ငွေများသည် ချေးငွေများကို ပြန်ဆပ် ရန် လုံလောက်သော်လည်း သူဦးဆောင် သည့် ၅၅ ယောက်ဝိုင်းကြီးချုပ်ထဲမှ ပြန်မဆပ်နိုင်သူများအတွက် စိုက်ဆပ်ပေး နေရသည့် အကြိမ်များလည်းရှိသည်ဟု ပြောသည်။

“ချေးပြီး မနိုင်လို့ ထွက်ပြေးနေကြတဲ့လူတွေအများကြီးပဲ။ ငွေပမာဏက တဖြည်းဖြည်းတိုးတိုးပြီး အတိုးတွေက များလာတာလေ။ လူတွေက မနိုင်တော့ ဘူး။ လုပ်ငန်းကိုင်ငန်းက တကယ်လုပ် ထားတာမရှိတော့ (ပြန်ဆပ်ဖို့) မနိုင် ကြတော့ဘူး။ ဝင်ငွေနဲ့ မလောက်ဘူး”ဟု ၎င်းက ဆိုသည်။

ဝိုင်းကြီးချုပ်စနစ်မှာ အဖွဲ့ဝင်အချင်း ချင်း အာမခံပေးရပြီး အဖွဲ့ဝင် ၅ ယောက် မှ ၁၀ ယောက်အထိ ရှိရန်လိုအပ်ကာ အဖွဲ့ဝင်တစ်ယောက်ယောက်က ချေးငွေ ဆပ်ရန် ပျက်ကွက်ပါက ကျန်အဖွဲ့သား များက ဆပ်ပေးရသည့်စနစ် ဖြစ်သည်။ ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေထုတ်ရာ၌ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ အထိ ချေးယူ နိုင်သည်။ တစ်ဦးချင်းပုဂ္ဂလိကချေးငွေ မှာမူ အသေးစားအလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အများဆုံး ကျပ်သိန်း ၁၀၀ အထိ ထုတ်ချေးနိုင်သော စနစ်မျိုးဖြစ် သည်။

“အဖွဲ့ကတော့ ချေးငွေထုတ်ပေး လို့ရှိရင် လုပ်ငန်းမှာ မှန်မှန်အသုံးချရမယ် လို့ပြောတယ်။ ဒါပေမဲ့ အကြွေးလေးတွေ လည်း ရှိတဲ့အခါမှာကျတော့ အကြွေးလေး လည်း ဆပ်ရတယ်။ လုပ်ငန်းမှာလည်း သုံးရတာပေါ့။ သူတို့က စီးပွားဖြစ်ချင်လို့ပေးလိုက်ပေမယ့် တစ်ဖက်မှာကလည်း စီးပွားကလည်း လုပ်ချင်တယ်၊ အတိုးနဲ့ ချေးထားတာလေးလည်း ပေးချင်တယ်ဆို တော့ နှစ်ဖက်နှစ်လမ်းသုံးနေရတာပေါ့” ဟု ဒေါ်မြင့်မြင့်စန်းက ပြောသည်။

အသေးစားချေးငွေ ထုတ်ယူသူများ ၏ အားနည်းချက်နောက်တစ်ခုမှာ အကြွေး ပြန်ဆပ်နိုင်ရေးအတွက် ထိုငွေကို မည်သို့ စီမံခန့်ခွဲရမည်ကို ကုမ္ပဏီများဘက်က ပြောပြသော်လည်း နားမလည် သို့မဟုတ် ဂရုမစိုက်ကြခြင်း ဖြစ်သည်။

ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် နေ ဒေါ်ငုဝါစန်းသည် အိမ်မှာ ဖွင့်ထား သည့် ကုန်စုံဆိုင်ကို အဓိက ဝင်ငွေရ လမ်းကြောင်းအဖြစ်ပြသကာ LOLC ကုမ္ပဏီထံမှ အသေးစားချေးငွေ ၃ သိန်း ရယူထားသည်။ သူ၏ ကုန်စုံဆိုင်ကို ချဲ့လိုသောရည်ရွယ်ချက်ဖြင့် အသေးစား ချေးငွေကို ယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အရပ်ထဲမှာဆိုရင် အတိုးများတယ် လေ။ သူတို့ဆီမှာက နည်းတယ်။ (ချေးငွေ ထုတ်ပေးသူ)ကတော့ ငွေမထုတ်ပေး ခင်မှာ သေချာရှင်းပြတယ်။ ကိုယ်က ငွေလိုနေတာဆိုတော့ သေချာနားမထောင် နိုင်ဘူး။ ရရင်ပြီးရောဆိုပြီး လိုအပ်တာ တွေပေးပြီး ယူလိုက်တာပဲ” ဟု ဒေါ်ငုဝါစန်း က ပြောသည်။

ဒေါ်ငုဝါစန်းသည် အသေးစား ချေးငွေဖြင့် သူ၏ ကုန်စုံဆိုင်ကို ချဲ့နိုင်ရုံ သာ အဖတ်တင်ခဲ့ပြီး အရပ်ထဲတွင် ၂၀ တိုးဖြင့် ကျပ် ၅၀ယ၀၀၀ ထပ်ယူထားရဆဲ ဖြစ်သည်။

“ဈေးဆိုင်မှာ ထည့်ဖို့ ချေးငွေယူ တာ။ လိုတဲ့အခါ ပြန်ဆပ်ဖို့ ရပ်ကွက်ထဲက ယူရတယ်။ ဈေးရောင်းတာက ၂၀၀ ဖိုး၊ ၃၀၀ ဖိုးနဲ့ ရောင်းတော့ ရောင်းရပါတယ်။ မိသားစုက ငါးယောက်ဆိုတော့ မလည် ဘူး။ ဈေးရောင်းတာက တခါတလေ ပြုတ်ပြုတ်သွားတယ်။ ချေးငွေယူပြီးတော့ ပိုပြီးကြပ်တာပေါ့”ဟု ၎င်းက ပြောသည်။

“ချေးငွေဆိုတာ အလှူငွေမဟုတ်ဘူးလေ”

အဆိုပါပြဿနာများနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော် မတီ၏ ၂၀၁၈ ခုနှစ်ထုတ် အစီရင်ခံစာတွင် “(အသေးစား) ချေးငွေရယူသုံးစွဲသည့် အသင်းသား (ငွေချေးသူ) များသည် လက်တွေ့တွင် ကြွေးနွံနစ်မှု ထောင် ချောက်နှင့် ရင်ဆိုင် ကြုံတွေ့နေရသည်”ဟု ဖော်ပြထားသည်။

အစီရင်ခံစာကို ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့မှ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ၂၁ ဖွဲ့ မှ ချေးငွေထုတ်ယူသူ ၂၁၀ ဦးကို တွေ့ဆုံပြုစုထားခြင်း ဖြစ်သည်။

အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းများသည် ချေးငွေများစီမံခန့်ခွဲသုံးစွဲမှုနှင့် ပတ်သက်၍ အသိပညာဖြန့်ဝေ ခြင်း အားနည်းနေသည့်အပြင် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးလုပ်ငန်းအပေါ် အထောက်အကူပြုမှုအပိုင်းမှာပါ အားနည်း နေသေးသည်ဟု အထက်ပါ အစီရင်ခံစာ က ဆိုထားသည်။

ထို့ပြင်”…အကျိုးစီးပွား ပဋိပက္ခ ဖြစ်မှုများနှင့် ဥပဒေအရကန့်သတ်ထား သည့် အသင်းအဖွဲ့တည်ထောင်ခြင်း ဆိုင်ရာ မူဝါဒများနှင့် လိုက်လျောညီထွေမှု အားနည်းလျက်ရှိသည်” ဟု ငွေချေး ကုမ္ပဏီ များနှင့်ပတ်သက်ပြီး အဆိုပါ ကော်မတီ က ဆိုသည်။

“ကျွန်မတို့ မြန်မာစကားပုံလည်း ရှိတာပဲလေ အကြွေးရမယ်ဆိုရင် ဆင်တောင် သက်စေ့ဝယ်စီးတယ်ဆိုတာ။ အကြွေး ရတယ်ဆိုတာက ကိုယ့်ရဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရမှာလေ။ စိုက်ပျိုးရေးအတွက် လို့ပြောပြီး ဆိုင်ကယ်ဝယ်စီးတယ်၊ တီဗွီ ဝယ်တယ်၊ ဆွဲကြိုးဝယ်ဝတ်တယ်ဆိုတာ ငွေက သေပြီ” ဟု ယင်း ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံ အသေးစားငွေရေးကြေး ရေးလုပ်ငန်းများ ကူညီရေးအသင်း (MMFA) က ၂၀၁၈ ခုနှစ်တွင် သုတေသန တစ်ခုပြုလုပ်ခဲ့ရာ လူတစ်ယောက်တည်းက ချေးငွေ သုံးခုကျော်ယူထားသည့် ဖြစ်စဉ်များ တွေ့ရှိခဲ့သည်ဟု အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ဖြူယမင်း မြတ်က ပြောသည်။

“ကျွန်မတို့ပြည်သူတွေမှာ… ငွေကြေး ပညာကို မသိဘူးလားဆို သိတယ်။ ပြန်ဆပ်နိုင်တာထက် ပိုမယူရဘူး ဆိုတာကိုလည်း သိတယ်။ သူတို့က … အကျင့်လေးလိုတာ။ အရင်တုန်းက ဒီလို ချေးငွေရဖို့ အရမ်းခက်ခဲခဲ့တာ။ အခုချိန်မှ ဖျတ်ခနဲရနေတော့ ရသမျှအကုန်ယူရင်း ဖြစ်နေတာ”ဟု ၎င်းက ပြောသည်။

“ချေးငွေဆိုတာက အလှူငွေမဟုတ်ဘူးလေ” ဟု ဒေါ်ဖြူယမင်းမြတ်က ဆက် ပြောသည်။
MMFA ဒုတိယဥက္ကဋ္ဌလည်းဖြစ် အသေးစားငွေချေးလုပ်ငန်း Microfinance Delta International ကုမ္ပဏီ၏ လက်ထောက်မန်နေဂျာလည်း ဖြစ်သူ ဦးမျိုးညွန့်ကမူ အခြေခံပြည်သူများ မှာ ငွေချေးယူနိုင်မည့် ရင်းမြစ် များပြား လာခြင်းကြောင့် ငွေချေးလုပ်ငန်းများ၏အကူအညီ ဆက်ယူနေဆဲဖြစ်သဖြင့် အသေး စားချေးငွေလုပ်ငန်းရှုထောင့်မှ ကြည့်လျှင် အောင်မြင်လာသည်ဟု ပြောသည်။

အသေးစားချေးငွေကဏ္ဍအတွင်း ချေးငွေအဖွဲ့အစည်းများ အများအပြား ရှိလာခြင်း၊ ဆင်းရဲနွမ်းပါးသူများကို ငွေ ထုတ်ချေးနိုင်မှု များပြားလာသည့်အတွက် အောင်မြင်နေသော်လည်း ဝေးလံခေါင် ဖျားသည့် နေရာများအထိ လက်လှမ်းမမီ နိုင်သေးကြောင်း၊ အသေးစားချေးငွေ အဖွဲ့များက တစ်ခုနှင့်တစ်ခု ပြိုင်ဆိုင်နေမှု များကြောင့် အကြွေးထပ် ပြဿနာများမှာ အဓိက ပြဿနာများဖြစ် ကြောင်း ဦးမျိုးညွန့်က ပြောသည်။

ထို့အပြင် ငွေချေးသူအများစုသည် ငွေကြေးဆိုင်ရာ အသိပညာနှင့်ပတ်သက် ၍ အားနည်းနေသေးကြောင်း၊ ၂၀၁၈ ခုနှစ်က ၎င်းတို့ကုမ္ပဏီထံမှ ချေးငွေထုတ် ယူထားသူ ၆၀ယ၀၀၀ ကျော်ကို ငွေစုခြင်း၊ ငွေထုတ်ခြင်း၊ ငွေဆပ်ခြင်း၊ ဝင်ငွေနှင့် ထွက်ငွေ မျှမျှတတသုံးစွဲနိုင်ရေး စသည် နှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရာ တွင် ၇၅ ရာခိုင်နှုန်းကျော်ကသာ နားလည် လိုက်နာသည်ကို တွေ့ရှိရကြောင်း ၎င်း က ပြောသည်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာ၀တီ တိုင်းနှင့် မွန်ပြည်နယ်တို့တွင် အကြွေး ထပ်ပြဿနာကို အများဆုံး ရင်ဆိုင်နေရ ကြောင်း MMFA ၏ စစ်တမ်းတွင် တွေ့ရှိရသည်ဟု ဦးမျိုးညွန့်က ပြောသည်။

“ကျွန်တော်တို့နိုင်ငံမှာ အရင်က ထက်စာရင် ဆင်းရဲနွမ်းပါးမှု လျော့ကျလာ ပါတယ်။ လျော့ကျလာသလို အသုံးတွေ ကလည်း သုံးသင့်တာထက် ပိုသုံးလာကြ တာလည်း တွေ့ရပါတယ်။ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်လာပေမယ့် စိတ်ပိုင်း ဆိုင်ရာတိုးတက်မှုတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

“လောဘကြောင့်၊ စီးပွားရေးရှုံးလို့ သူများဆီကနေ ယူပြီး ဆပ်တာမျိုး တွေတော့ ရှိနေမှာပဲ။ အချိန်တိုင်းတော့ ဖြစ်နေမယ်လို့ မထင်ဘူး” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ပြန်ထိန်းညှိဖို့လိုပြီလား

ငွေချေးသူတစ်ဦးအနေဖြင့် မိမိဆပ် နိုင်သည့် ပမာဏထက် ပိုမိုယူနေသည့်ဖြစ် ရပ်များကို အဓိကတားဆီးရမည့် တာဆီး ရန် MMFA နှင့် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း လုပ်ဆောင်နေသည်ဟု အဆိုပါဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောသည်။

အသေးစားငွေချေးလုပ်ငန်းများသည် အတိုးနှုန်းသက်သက်သာသည့်အတွက်ကြောင့် အခြေခံလူတန်းစားများထဲမှ ငွေချေးသူအရေအတွက် တစ်စတစ်စ များပြားလာသောကြောင့် ယင်းကဏ္ဍကို ပြန်လည်ထိန်းညှိရန် လိုအပ်နေပြီဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

“ငွေစုငွေချေး လုပ်ငန်းမှာ ချေး(ပေး) ချင်တဲ့လူက များတယ်။ ဘာမှမလုပ်ရဘဲနဲ့ အတိုးများများရနေတဲ့ လုပ်ငန်းတွေက အပြင်မှာ မရှိဘူး။ ငွေစု၊ ငွေချေးလုပ်ငန်း တွေက တစ်နေ့တစ်ခြား များလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေက တက်မနေဘူး။ …ပြည်သူတွေ အကြွေးပတ်လည်ဝိုင်းပြီး မသိနားမလည်ဘဲ ဒုက္ခဖြစ်နေတာကို အစိုးရက ပြန်ပြီးထိန်းညှိဖို့ လိုနေတဲ့အချိန် ပြန်ရောက်ပြီ”ဟု ဒေါက်တာဇော်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ကျော်ကတည်း က တိုင်းပြည်စီးပွားရေး ကျဆင်းနေသည့် အတွက်ကြောင့် အကြီးစားစီးပွားရေးလုပ် ငန်းများပင် ခက်ခဲနေချိန်တွင် အသေးစား ငွေချေးကဏ္ဍအတွက်လည်း စိန်ခေါ်မှုရှိ နိုင်ကြောင်း မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးလည်း ဖြစ်သူ ဒေါက်တာဇော်ဦးက သုံးသပ် သည်။

“အသေးစားမပြောနဲ့ အကြီးစားတွေ အတွက်တောင် ခက်နေတာ။ အသေးစား တွေအတွက်ဆိုရင် မတွေးဝံ့စရာပေါ့နော်။ အသေးစားတွေကတော့ အရင်းအနှီးနဲ့ လုပ်ရတယ်။ အရင်းထဲကပြုတ်ပြီး အရှုံးပေါ်နေတဲ့အခါကျတော့ သူတို့ရဲ့ အကြွေးက ပိုပြီးတော့ နစ်သထက်နစ် လာတယ်”ဟု ၎င်းကပြောပြီး အစိုးရ အနေဖြင့် စီးပွားရေးကဏ္ဍကို ပိုမိုတိုးတက် အောင် ဦးစွာလုပ်ရန် လိုအပ်သည်ဟု သုံးသပ်သည်။

“နိုင်ငံတော်အစိုးရရဲ့ ပင်မတာဝန်က စီးပွားရေးကို တိုးတက်အောင်လုပ်ပေးဖို့။ တိုးတက်ပြီဆိုရင်လည်း အဲဒီနောက်ကို အမီလိုက်နိုင်အောင် အားနည်းနေသူ တွေကို အခုလို အသေးစားငွေစု၊ ငွေချေး လုပ်ငန်းတွေ ဖန်တီးပေးခြင်းအားဖြင့် ဒီလူတွေကလည်း သူတို့မှာအရင်းနှီး မရှိလို့ စီးပွားရေးတိုးတက်မှုလှိုင်းကို မစီး နိုင်တာမျိုး (မဖြစ်ဘဲ) အခွင့်အလမ်းမှာ ညီတူညီမျှရနိုင်တာပေါ့”ဟု ဒေါက်တာ ဇော်ဦးက ပြောသည်။

ချမ်းသာ/Myanmar Now