ပြည်သူ့အသံ နားထောင်တတ်ဖို့ ကြိုးစားစေချင်ပါသည်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

နားဆိုတာ နှစ်ဖက်ရှိပြီး ပါးစပ် ဆိုတာက တစ်ပေါက်ပဲ ရှိပါသတဲ့။

နားထောင်တဲ့ အကျင့်လေး ပိုရှိကြ စေချင်တဲ့အခါ ရှေးလူကြီးများက ဆိုဆုံးမ တတ်ကြတယ်။ များများ နားထောင်တတ် တဲ့ အလေ့အထကို မွေးကြစေချင်တာ အကြောင်းလည်း ရှိပါတယ်။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ဖြစ်တတ်တာကိုး။ အသွား မတော်တစ်လှမ်းက ပြန်ရုပ်ရလွယ်ပေမဲ့ စကားဆိုတာမျိုးက ကျွံပြီးရင် အနုတ်ရ ခက် ဆိုကြပေသကိုး။

ဆိုပါစို့ ပညာရေး ကိစ္စလေးကိုပဲ ကြည့်ပါ။ မပြောရင်လည်း “နတ်ဝတ် ပုဆိုး တိမ်မီးခိုး”လို “ငါ့နတ်ဝတ်တန်ဆာ လှပတင့်တယ် လှပေသကိုး”လို့ နားထင်ရောက်ပြီး လုပ်ချင်ရာလုပ်၊ လုပ်လိုက် တိုင်း တင့်တယ်တယ်လို့ ထင်နေဦးမယ်။ ပြောပြန်ရင်လည်း ပြည်သူကို တရားစွဲ မယ်ပြောလိုက်၊ ဝန်ထမ်းဆိုတာ အစိုးရ ခိုင်းတာ လုပ်ရမယ် မလုပ်ချင် ထွက်ကြ လို့ ပြောလိုက်၊ ပညာရေး ဝန်ထမ်း လေးသိန်း ကိုးသောင်းစလုံးကသာ ကန့်ကွက်လာရင် ကျောင်းစာသင်ရက် တိုးမြှင့်မယ့်အရေး ပြန်စဉ်းစားပေးမည်ပြောလိုက်နဲ့ ချာလပတ် ကို ရမ်းနေလေတော့ ပြောရရင်လည်း မောင်ရင်လေးတို့ လွန်ရာကျလေ ရော့မယ်။

ပြီးခဲ့တဲ့အပတ်က တနင်္သာရီဂျာနယ် ပါ ဆရာသန်းဇော်ဦး(ရလိုင်)ရဲ့ “ကလေး ထိန်း ပညာရေးအတွေး” ဆောင်းပါးလို ချက်ကျ လက်ကျ တွေးတောထောက်ပြတဲ့ ဆောင်းပါးလိုမျိုး ဝေဖန်ထောက်ပြတာ မျိုးကိုတော့ လက်သင့်ခံစဉ်းစားသင့်တာ ပေါ့လေ။ ဆောင်းပါးမှာ ဆောင်းပါးရှင်က “စကားဆိုတာမျိုးက ပြောချင်ရာ စိတ်ထဲ တွေ့ရာ ပြောကြတာမျိုးက မဖြစ်သင့်ပေ ဘူး။ မိဘတွေ အလုပ်ပိုလုပ်နိုင်အောင်၊ နိုင်ငံ့ကုန်ထုတ်စွမ်းအား တက်လာဖို့ ကျောင်းစာသင်ရက်ကို တိုးရတယ် ဆိုတာ မျိုးကို ပညာရေးဝန်ကြီးပါးစပ်က လက်လွတ် မပြောသင့်ပါဘူး”ဆိုတဲ့အကြောင်း ရွာဦး ကျောင်း ဆရာတော်ရဲ့ ကလေးထိန်း ပုံပြင်ကလေးနဲ့ လှလှလေး နိဒါန်းသွယ် လို့ ထောက်ပြထားတယ်။

စဉ်းစားလာရတာက ပြည်ထောင်စု ဝန်ကြီးအဆင့်သည် မူဝါဒချမှတ်သူ အဆင့်ဖြစ်လေတော့ ဝန်ကြီးရဲ့စကားဟာ နိုင်ငံတော် အစိုးရက ချမှတ်တဲ့ မူဝါဒ လား။ အဲသည် မူဝါဒသည် သုတေသန စစ်တမ်းအပေါ် အခြေခံတွက်ချက်ပြီး ရလာတဲ့ မူဝါဒမျိုးလား။ အဲသည်သုတေသန စစ်တမ်းသည် ဘယ်နှနှစ်ကြာ ဘယ်နေရာ တွေက ဘယ်သို့သောအလွှာတွေကို သုတေ သနပြုခဲ့တာလဲ။ အဲသည် သုတေသန စစ်တမ်းက ဘယ်လို အဖြေထွက်ပြီး နိုင်ငံ တကာ စစ်တမ်းတွေနဲ့ ချိန်ထိုးခဲ့သလား။

အဲသည် စစ်တမ်းကနေတစ်ဆင့် သုံးသပ် ပြီး နောက်မှာမှ ရလာတဲ့ အဖြေတစ်ခု ဖြစ်တယ်ဆိုရင်သော်မှ နိုင်ငံနဲ့ချီတဲ့ မူဝါဒ တွေအဖြစ် ချမှတ်တဲ့ ရေတို၊ ရေရှည် စီမံ ချက်တွေနဲ့ လုပ်ခဲ့တာမျိုးလား။ တစ်နိုင်ငံ လုံးမှာ အဆင်ပြေ နိုင်ပါ့မလား စသဖြင့် မေးခွန်းထုတ်စရာ တစ်သီကြီး ပါလာတာ တွေ့ရပါလိမ့်မယ်။

နောက်စီမံချက်တွေ၊ မူဝါဒတွေ အကောင်အထည်ဖော်ကြရာမယ် လိုအပ် လာတဲ့ လူ၊ ပစ္စည်း၊ ငွေကြေးအင်အား စတဲ့ (Man, Money, Materials)တွေ ရင်းမြစ်တွေ ပြည့်စုံပြီလား။ အဲသည် လူဆိုတဲ့ ပညာရေးဝန်ထမ်းအင်အား သာမက နိုင်ငံရဲ့ လိုအပ်ချက်အရ ဖြည့်ဆည်း ပေးနေတဲ့ ဘ.က ကျောင်းတွေအပြင် ပြင်ပ ပုဂ္ဂလိက ပညာသင်ကျောင်းတွေ ဖက်ကရော အဆင်ပြေပါ့မလား။ နောက် ဆုံး ကျောင်းတက်ကြရမယ့် ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘတွေအတွက် အဆင်ပြေနိုင်ပါ့မလား၊ စသဖြင့် ချင့်ချိန် တွေးတောကြဖို့ လိုအပ်ပါတယ်။

အဲသည် တွေးတောစရာ ချင့်ချိန်စရာတွေကို ဝေဖန် ထောက်ပြထားသလို ဖြစ်သင့်ဖြစ်ထိုက် တာက နှစ်အစကတည်းကိုက သူတို့ရဲ့ အပြောင်းအလဲ အစီအစဉ်တွေကို ကြိုတင် ချပြပြီး အဲသည်အစီအစဉ်တကျ သူတို့လို အလွတ်ပညာသင်ကျောင်းတွေဘက်ကပါ တစ်ပါတည်း အသင့် လိုက်ပါပြောင်းလဲ နိုင်ဖို့ ကြိုတင်ကြေညာသင့်ကြောင်းကို လည်း ပြောပြထားပါတယ်။

နောက် ကျောင်းတက်ရက်ရှည်တိုင်း ပညာတွေ တတ်လာမလားဆိုတဲ့ သုတေ သနစစ်တမ်းတွေ မပါဘဲ တလွဲကောက် ချက်တွေနဲ့ လုပ်ကြတာမျိုး မပြုလုပ်သင့် တာ ထောက်ပြထားပါတယ်။

အမှန် ပညာရေးမှာ နစ်ပြီး အလုပ် တွေလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ ဘ၀နဲ့ သူတို့တွေရဲ့ စာသင်ခန်းတွေ အနေအထား၊ သွားလာကြရတဲ့ ခရီးလမ်း ပန်းဆက်သွယ်ရေး၊ သင်ထောက်ကူ ပစ္စည်းတွေ လုံလောက်ခြင်းရှိ မရှိစတဲ့ ထည့်သွင်း စဉ်းစားစရာတွေ အပုံအပင် ရှိနေတဲ့အပြင် ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေမှာ အပြင်က မလိုအပ်ပါဘဲ အပိုအလုပ်တွေကိုပါ ခိုင်းစေခံနေကြရတဲ့ အနေအထားကိုလည်း ထည့်သွင်းစဉ်း စားကြရမှာ ဖြစ်ပါတယ်။

ဥပမာ လူဦးရေစာရင်းကောက်ယူတာ၊ ရွေးကောက်ပွဲတွေမှာ မဲရုံစောင့်ရတာ၊ မဲစာရင်း ပြုစုကြရတာ စသဖြင့် အပြင် အလုပ်တွေအပြင် ပြင်ပ အထောက်အပံ့နဲ့ လာကြတဲ့ ပညာရေး ပရောဂျက် စီမံကိန်း အကြီးတွေမှာ ငွေကြေးအသုံးပြနိုင်ဖို့ရာ လူလုံးပြ သင်တန်းတွေ မနားမနေ တက်နေ ကြရတာတွေကိုလည်း ထည့်သွင်းစဉ်းစား ကြရမှာ ဖြစ်ပါတယ်။

အဲသည် ကြုံနေကြရတဲ့ အခက်အခဲ တွေနဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေကို အပြုသဘော ဝေဖန်ထောက်ပြ နေကြတာ တွေကိုလည်း လက်မခံတဲ့အပြင် ဝန်ထမ်းဆိုတာ အစိုးရခိုင်းရင်လုပ်ရမှာပဲ၊ မလုပ်နိုင် ထွက်ကြဆိုတဲ့ ရုံးအမိန့်စာ ထုတ်ပြန်တာ မျိုးအပြင် ဝေဖန်သူတွေကို ဥပဒေကြောင်း အရ အရေးယူမယ်လို့ ခြိမ်းခြောက်တာမျိုး ပညာရေးဝန်ထမ်း လေးသိန်းကိုးသောင်း လုံးက ကန့်ကွက်လာရင် ပြန်စဉ်းစားမယ် စတဲ့ အပြောတွေမျိုးဟာ ကိုယ့်ကိုကိုယ် တင်မကကိုယ် ကိုယ်စားပြုတဲ့ အစိုးရအဖွဲ့ ကိုပါ ထိခိုက်စေနိုင်တာ၊ ကိုယ် ကိုယ်စား ပြုတဲ့ ပါတီပုံရိပ် ထိခိုက်စေတာကိုပါ မစဉ်းမစား ပြောဆိုတာမျိုးတွေ ဖြစ်လို့ နေပါတယ်။

ပြီးခဲ့တဲ့အပတ်က တနင်္သာရီဂျာနယ် ရဲ့ မျက်နှာဖုံးမှာ မေးထားတဲ့ မေးခွန်းလေး ရှိပါတယ်။

“လွှတ်တော် အမတ်များ လူထုနှင့် အမှန်ထိစပ်ရဲ့လား”ဆိုတဲ့ အမေးလေးကို ဖြေကြရမယ့် အမတ်တွေအတွက် ပညာရေး ဝန်ထမ်းတွေရဲ့အခက်အခဲနဲ့ ခံစားချက် တွေကို မေ့မထားဖို့နဲ့ အမှန်လေ့လာ စဉ်းစားချင့်ချိန်သုံးသပ်ပြီး အစိုးရဘက်ကို ထိန်းကျောင်းပေးဖို့ လိုအပ်တယ်ဆိုတာ လည်း တစ်ပါတည်း ထောက်ပြပါရစေ။

အစိုးရ မူဝါဒကို မလိုက်နာနိုင်ရင် အစိုးရအဖွဲ့တာဝန်ပေး စေခိုင်းတာ မလုပ် နိုင်ရင် အလုပ်ထွက်ကြဆိုတဲ့သဘောကို ယေဘုယျ လက်ခံပါတယ်။ အစိုးရ အဖွဲ့ ကိုယ်တိုင်ကလည်း ဘယ်သို့ဘယ်ပုံ သုတေသနတွေနဲ့ ဘယ်လို စစ်တမ်းတွေ ကောက်ယူခဲ့ပြီး ဘယ်နှနှစ် စီမံကိန်း တွေနဲ့ ဘယ်လို ချဉ်းကပ်ပြီးဘယ်သို့ အကောင်အထည် ဖော်ကြမယ်ဆိုတာကို လွှတ်တော်မှာ ပွင့်လင်းမြင်သာ ချပြဖို့ လိုအပ်ပါတယ်။

အဲသည် အနေအထား မဟုတ်ပါဘဲ လုပ်ချင်ရာလုပ်မယ်၊ ပြောချင်ရာပြောမယ် ခိုင်းတာသာလုပ်၊ ပြန်မပြောနဲ့ မဝေဖန် ကြနဲ့ ဆိုတဲ့ သဘောထားမျိုးနဲ့သာ ဆိုပါ လျှင် ပြည်သူ့စကားသံကို နားမထောင် ဆိုပါလျှင် ပြည်သူရဲ့ ဒဏ်ခတ်မှုကို အဆင့်ဆင့် ခံလာရမည်က မလွဲပါဘူး။

ထို့အတူ ပြည်သူတွေတစ်ဖြစ်လည်း ပညာရေးဝန်ထမ်းနှင့် မိဘ၊ ကျောင်းသား တို့အရေးကို ပြည်သူ့ လွှတ်တော်အမတ် များကလည်း မျက်ကွယ်မပြုသင့်ပါဘူး။ သည်လို လူမှုကွန်ရက်တွေ ဆက်သွယ် ရေးစနစ်တွေ မြန်ဆန်လွယ်ကူလှတဲ့ သည်ဘက်ခေတ်မှာမှ တနင်္သာရီတိုင်းနှင့် နေပြည်တော် ဝေးကွာနေပါသဖြင့် မထိ တွေ့ မဆက်ဆံနိုင်ခဲ့ကြပါကြောင်း ခွင့်လွှတ်ကြပါမည့်ကြောင်း မရေရာတဲ့ အကြောင်းပြချက်တွေနဲ့ နှာစေးနေမည် ဆိုပါလျှင် ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို ခံကြရပါလိမ့်မယ်။

ပြောကြရမယ့် အမတ်တွေကလည်း ကိုယ့်အရှုပ်နဲ့ကိုယ်သော်မှ မရှင်းနိုင် တိုင်ပတ်ပြီး မပြောမဆိုကြ၊ ပြောဆိုဖို့ ဝန်လေးနေကြ၊ မနေနိုင်မထိုင်နိုင် ဝင်ပြော မိသူတွေကိုလည်း တရားစွဲမယ် ခြိမ်း ခြောက်ကြ ဆိုတာမျိုးက အဖြေမဟုတ် သလို ပညာရေးဝန်ထမ်း လေးသိန်း ကျော်ကသာ တညီတညွတ်တည်း ကန့် ကွက်ပါမှ သိသာကြမည်ဆိုသည်ထက် လက်တွေ့ကျကျ သုံးသပ် အဖြေရှာခြင်း က ပို၍အကျိုးရှိပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

အစိုးရရော လွှတ်တော်ကိုယ်စား လှယ်ကြီးများမှာပါ ပြည်သူ့အသံတွေကို နားထောင်ပြီး ချင့်ချိန် စဉ်းစားပေးတတ်တဲ့ အလေ့အထလေးတွေ ရှိလာကြဖို့ မလွဲ မသွေ လိုအပ်ပါတယ်လို့ မောင်ရင်လေး တို့ ဆိုပါရစေလား။

မောင်ရင်လေး