ဖထီး ကွမ်းဥယျာဉ်အတွက် တရားမျှတမှုတိုက်ပွဲ

0
640
ကြော်ငြာဝန်ဆောင်မှု

အခုတော့ ဘာမျှစိုက်ပျိုးစားသောက် ၍ မရတော့သော ကွင်းပြင်ကြီးဖြစ်သွား လေပြီ။ ၁၃ ဧကကျယ်သည့် ထိုကွင်းပြင် ကြီးသည် တစ်ချိန်က ကွမ်းသီးပင်များ စိုက်ပျိုးထားသည့် ဖထီးစောဒါးရွှေတို့ မိသားစု စားဝတ်နေရေးကို အဓိကဖြေရှင်း ပေးနေသည့် ဘဏ္ဍာသိုက်ကြီးတစ်ခု ဖြစ်ခဲ့ဖူးသည်။

“ဘယ်လိုမှ လုပ်စားလို့မရတော့တဲ့ မြေပြင်ဖြစ်သွားပြီ”ဟု သတ္တုစွန့်ပစ် မြေစာများ အပြည့်ဖုံးလွှမ်း ထားသည့် ကွင်းပြင် ကြီးကို ငေးမေားရင်း ဖထီးစောဒါရွှေက ရေရွတ်လိုက်သည်။

ဖထီးစောဒါးရွှေတို့မိသားစု နေထိုင် သည့် ဥယျာဉ်ခြံကို ထားဝယ်မြို့မှ မိုင် သုံးဆယ်ဝန်းကျင်ဝေးသည့် မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအထိ ဆိုင်ကယ်၊ ကားများဖြင့် အလွယ်တကူသွားရောက် နိုင်ပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ်စီးကာ ကင်းပွန်းချုံရွာသို့ မိနစ် နှစ်ဆယ်ခန့် သွားရောက်နိုင်သည်။

ကင်းပွန်းချုံကျေးရွာသည် ကျေးရွာ ဟုဆိုသော်လည်း စာသင်ကျောင်း၊ ဈေး တို့မရှိဘဲ နေအိမ်များကို ကရင်တိုင်းရင်း သား ဥယျာဉ်ခြံသမားများထုံစံအတိုင်း နေအိမ်များကို တစ်အိမ်နှင့် တစ်အိမ် ခပ်လှမ်းလှမ်းတွင် ဆောက်လုပ်နေထိုင် ကြသည်။

ထိုရွာတွင်ပင် ဖထီးစောဒါးရွှေကို မွေးသည်။ ထိုရွာတွင်ပင် ကြီးပြင်းခဲ့သည်။ အရွယ်ရောက်သော် ထားဝယ်၊ ကရင် ကပြား ဒေါ်အုန်းကြည်နှင့် အိမ်ထောင် ကျကာ သားသမီးခြောက်ဦးမွေးဖွားခဲ့ သည်။ ၁၃ ဧက ဥယျာဉ်ခြံက ဇနီးဖြစ်သူ ဒေါ်အုန်းကြည် မိဘဘက်မှ မင်္ဂလာဦး လက်ဖွဲ့။

ထိုဥယျာဉ်ခြံကြီးအတွင်း ကွမ်းပင် ပေါင်းထောင်ချီကို ဖထီးကထပ်မံစိုက် ပျိုးခဲ့သည်။ သားသမီးခြောက်ဦးမွေးဖွား ပြီးနောက်မှာတော့ စိုက်ထားတဲ့ကွမ်းပင် က ဝင်ငွေရရှိလာပြီ။ ထိုဝင်ငွေဖြင့်ပင် မိသားစု၊ စား၊ ဝတ်၊ နေရေးကို အပူပင်မရှိ ဖြေရှင်းနိုင်ခဲ့သည်။

“အဲဒီတုန်းကတော့ ငါကသူဌေး ပေါ့ကွာ”ဟု ဖထီးက ပြန်ပြောင်းပြောဆိုသည်။

ထိုအချိန်က ဖထီးတို့မိသားစုသည် စီးပွားရေးအတွက် မည်သည့် အပူအပင် သောကမျှမရှိခဲ့။ လက်ထဲတွင် သုံးစရာ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရှိရင်တောင် ဖထီးအတွက် အေးအေးဆေးဆေးပင်။ ထားဝယ်မြို့ရှိ ကွမ်းသီးပွဲရုံပိုင်ရှင်များထံတွင် လိုသလောက်ပိုက်ဆံကို ကြို ထုတ်နိုင်သည်။ ပိုက်ဆံမရှိလည်း ဆန်၊ ဆီ၊ ဆားကို လိုသလောက် ဝယ်ထားလို့ ရသည်။

ထိုအတွက် လက်ထဲတွင်ပိုက်ဆံရှိနေ စရာမလို။ ကွမ်းသီးပင်များရှိနေသည်က ဖထီးအတွက် ဘဏ္ဍာတိုက်တစ်ခုကဲ့သို့ ပင်။

ထိုကြောင့် ဖထီးစောဒါးရွှေက သူ့ ကိုယ်သူ သူဌေးဟု ခံယူထားခြင်း ဖြစ်သည်။ ကွမ်းသီးရောင်းချပြီး ပိုလျှံငွေများကို ချွေတာစုဆောင်းပြီး ဘ၀ပင်ကျေးရွာတွင် ခြံရှစ်ဧကကိုလည်း ဝယ်နိုင်ခဲ့သည်။ သမီးအလတ်အတွက် နားကွင်းတစ်ရံ ကိုလည်း ဆင်ပေးနိုင်ခဲ့သည်။

သို့သော် ဖထီးတို့မိသားစု ဘ၀ အလှည့်အပြောင်းက ၂၀၀၅ ခုနှစ်ဝန်း ကျင်တွင် စတင်လာတော့သည်။

ဟိန္ဒားသတ္တုမိုင်း တူးဖော်ခွင့်ရထား သည့် မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီ လီမီတက်က ဖထီးစောဒါးရွှေ၏ ဥယျာဉ် ခြံအောက်ဘက် အိုးစည်ချောင်းနှင့် ဘ၀ပင်ချောင်းတို့ စီးဝင်သည့် မြောင်းပြို ချောင်းတွင် ရေကာတာတစ်ခု ဆောက် လုပ်လိုက်ရာမှ စပြီး ထိုကုမ္ပဏီနှင့် ဖထီး တို့အကြား ထိပ်တိုက်တွေ့လာကြတော့သည်။

ထိုရေကာတာသည် သတ္တုတူးဖော် ရာတွင် အသုံးပြုမည့် ရေအရင်းအမြစ် အတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။

ဖထီးစောဒါးရွှေ ဥယျာဉ်ခြံမှာ မြောင်း ပြိုချောင်းအထက်ဘက် အိုးစည်းချောင်း နှင့် ဘ၀ပင်ချောင်းနှစ်ခု အကြားတွင်တည် ရှိသည်။ မိုးရာသီဆိုပါက ရေကာတာမှ ရေလျှံထွက်လာသည့်ရေများသည် ဥယျာဉ် ခြံအတွင်းအထိ ရောက်လာကြသည်။

ယင်းအပြင် အိုးစည်ချောင်းနှင့် ဘ၀ပင်ချောင်းအတိုင်း စီးလာသည့် သတ္တု စွန့်ပစ်မြေစာများကလည်း ရေကာတာ ကြောင့် မြောင်းပြိုချောင်းအတွင်း ယခင် ကလို မစီးဆင်းနိုင်တော့ဘဲ ဖထီးဒါး ရွှေတို့ခြံအတွင်း သောင်တင်လာကြသည်။

ထိုသို့ဖြင့် ရေကာတာနှင့်အနီးဆုံးဖြစ်သည့်နေရာမှ ကွမ်းသီးပင်များ စတင် သေဆုံးလာကြသည်။ ယခင် ဥယျာဉ်ခြံ အလယ်တွင် ဆောက်ထားသည့် နေအိမ် ကိုလည်း ရေလွှမ်းမိုးမှု လွတ်ကင်းရာသို့ ပြောင်းဆောက်ရတော့သည်။

အစကပိုင်းတွင် အပင်ရေအနည်း ငယ်သာ ဆုံးရှုံးသဖြင့် ကုမ္ပဏီတာဝန်ရှိသူ များကို တစ်စုံတစ်ရာ သွားရောက်ပြောဆိုခဲ့ခြင်းမရှိသေးပေ။ နောက်ပိုင်းတွင် တစ်နှစ်ထက်တစ်နှစ် ရေလွှမ်းသည့် နေရာများလာပြီး ကွမ်းသီးပင်များလည်း တစ်နှစ်ထက်တစ်နှစ် အပျက်အစီးများ လာသည်။

လက်ရှိတွင်တော့ ၁၃ ဧကကျယ် သည့် ဥယျာဉ်ခြံသည် သတ္တုစွန့်ပစ်မြေစာ များဖြင့် ဖုံးလွှမ်းလျက်ရှိပြီး ဧကဝက် ဝန်းကျင်သာ မူလအတိုင်းကျန် ရှိနေသည်။ ထိုနေရာတွင် ဖထီးဒါးရွှေမိသားစု နေထိုင် သည့် တဲလေးတစ်လုံးဆောက်ထားသည်။ ထိုတဲလေးမှာ တတိယအကြိမ်ပြောင်း ဆောက်ထားသည့် တဲဖြစ်သည်။

“ဒီနေရာမှာ တူးကြည့်မယ်ဆိုရင် လူတစ်ရပ်စာလောက်တူးမှ ကွမ်းပင် အောက်ခြေကိုမြင်ရမှာ”ဟု ပင်စည်မှသာ ကျန်ရှိတော့သည့် ကွမ်းသီးပင်တစ်ပင်ကို လက်ဖြင့်ကိုင်ရင်း ဖထီးက ဆိုသည်။

ဥယျာဉ်ခြံ သုံးပုံတစ်ပုံခန့်မျှ ပျက်စီး လာသောအခါမှ မြန်မာပွန်ပီပက်ကုမ္ပဏီ ကို ကွမ်းပင်များပျက်စီးမှုကြောင့် လျော်ကြေးရလိုကြောင်း အကြိမ်ကြိမ် သွားရောက်တောင်းဆိုခဲ့သည်။ သို့သော် တောင်းဆိုမှုကို ကုမ္ပဏီဘက်မှ အရေး တယူမပြုခဲ့ပေ။

ထိုကြောင့် တစ်ခါမျှ သွားရောက်ခဲ့ ဖူးခြင်းမရှိသည့် ဌာနဆိုင်ရာရုံးကို ဝင် ထွက်သွားလာဖို့ အကြောင်းဖြစ်လာ ခဲ့သည်။ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် မေတ္တာမြို့ အထွေအထွေအုပ်ချုပ်ရေးမှူး ရုံး မှ တစ်ဆင့် ကုမ္ပဏီဘက်သို့ တရားဝင် စာဖြင့် လျော်ကြေးစတင်တောင်းဆိုခဲ့ သည်။

ထိုစဉ် ကုမ္ပဏီဘက်မှ ငွေကျပ်သိန်း နှစ်ဆယ်ကို လျော်ကြေးပေးမည်ဟုကမ်း လှမ်းလာခဲ့သည်။ ထိုငွေကို ဖထီးက လက်မခံခဲ့ပေ။ ဖထီးတောင်းဆိုသည့် လျော်ကြေးငွေက ကျပ်သိန်းခြောက်ဆယ်။

နောက်ပိုင်းတွင် တနင်္သာရီတိုင်းအမှတ်(၂) သတ္တုတွင်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ထောက်ပံ့ပေးသည့် ငွေကျပ်ငါးသိန်းကို တော့ သူ လက်ခံခဲ့သည်။ ထိုငွေကိုလည်း သား သမီးများပညာရေးနှင့် အိမ်ပြောင်း ဆောက်ရန် ငွေလိုအပ်နေသဖြင့် မတတ် သာသောကြောင့်သာ သူလက်ခံလိုက်ရသည်။

၂၀၁၂ ခုနှစ်အရောက်မှာတော့ ဥယျာဉ်ခြံ သုံးပုံနှစ်ပုံခန့်တွင် စိုက်ပျိုးထား သည့် ကွမ်းသီးပင်များပျက်စီးသွားခဲ့ သည်။ ထိုအချိန်တွင်တော့ ဖထီးသည် မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကိုကျောခိုင်းကာ (ယခင်အစိုးရလက် ထက်) တိုင်းအစိုးရအဖွဲ့နှင့် ကရင် တိုင်းရင်းသားရေးရာဝန်ကြီး စောလုကာ တို့ထံသို့ လျော်ကြေးငွေရလိုကြောင်း တိုင်ကြားစာများ ပေးပို့သည်။

ယင်းကဲ့သို့လျော်ကြေးငွေရရှိရေးအတွက် လုံးပန်းနေရင်း တစ်ဖက်တွင် မိသားစုစားဝတ်နေရေး ထိခိုက်လာသည်။ ထိုကြောင့် ဇနီးဖြစ်သူ ဒေါ်အုန်းကြည် သည် ဟိန္ဒားသတ္တုတွင်းတွင် ခဲရင်းသည့် အလုပ်ကို စတင်လုပ်ကိုင်လာရတော့ သည်။ ထိုအလုပ်က သူ မကျွမ်းကျင် သောကြောင့် မိသားစု ရှစ်ဦးစားဝတ် နေရေးနှင့် သားသမီးခြောက်ဦး ပညာရေး အတွက် ထိုဝင်ငွေဖြင့် လုံး၀ မလုံလောက်။

“ကွမ်းပင်တွေ မဆုံးရှုံးခင်တုန်းက ဆိုရင် ခဲတောင်မရင်းတတ်ဘူး။ ဥယျာဉ် တဖြည်းဖြည်း ပျက်စီးတာ၊ ဆိုးလာတော့ ကိုယ်မလုပ်ရင် စားဖို့မရှိတော့ဘူးလေ။ ကိုယ့်လက်ထဲမှာ ဘာအသီးမှမရှိရင် ဘယ်သူ့ဆီမှာမှ (ငွေ) ချေး၊ ငှားဖို့မလွယ် ဘူး။ ဒါကြောင့် ကိုယ့်အားနဲ့ကိုယ် ညဘက် ဆိုလဲ ခဲကျင်သွားနေရတာပဲ။ ဓာတ်မီး တစ်လုံးနဲ့”ဟု ဒေါ်အုန်းကြည်က ဆိုသည်။

ထိုအချိန်တွင် စောဒါးရွှေအတွက် အခွင့်အရေးတစ်ခု ရရှိလာခဲ့သည်။ ကရင် တိုင်းရင်းသားရေးရာဝန်ကြီးက လျော်ကြေးငွေကိစ္စကို ညှိနှိုင်းဆောင်ရွက်ပေး မည်ဟု အကြောင်းကြားလာသည်။

၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းကာလ တိုင်းအစိုးရအဖွဲ့ရုံးတွင် တိုင်းအစိုးရအဖွဲ့၊ မြန်မာပွန်ပီပက် ကုမ္ပဏီတာဝန်ရှိသူများ၊ စောဒါးရွှေတို့ လျော်ကြေးငွေကိစ္စ ညှိနှိုင်း ကြသည်။ ဖထီးက လျော်ကြေးငွေ ဆယ်စု နှစ်တစ်ခုစာအတွက် သီနှံလျော်ကြေး ကျပ်သိန်းငါးရာ ရလိုကြောင်း တောင်းဆို သည်။ ကုမ္ပဏီဘက်က မပေးနိုင်ဟု ငြင်းသည်။

နောက်ပိုင်းတွင် တိုင်းအစိုးရ၏ ညှိနှိုင်းပေးမှုကြောင့် ငွေသိန်းနှစ်ရာကျော် ကို လက်ခံမည်ဖြစ်ကြောင်း ဖထီးက ဆုံးဖြတ်လိုက်သည်။ သို့သော် ကုမ္ပဏီ ဘက်ကတော့ ယင်းလျော်ကြေးငွေပေး မည်ဟု အာမ မခံခဲ့။

ထိုကြောင့် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် စောဒါးရွှေအား ကူညီ ပေးနေသည့် သူများ၏ အကြံပေးချက်အရ ထားဝယ်ခရိုင်တရားရုံးတွင် လျော်ကြေး ငွေ သိန်းတစ်ထောင်ကျော်ရလိုမှုဖြင့် မြန်မာပွန်ပီပက်ကုမ္ပဏီကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် တရားစွဲဆို တော့သည်။

တရားစွဲကာလအတွင်း မိုင်သုံးဆယ် ကျော်ဝေးသည့် ထားဝယ်မြို့တွင် အပတ် စဉ်အမှုရင်ဆိုင်ရမည်ဖြစ်သည်။ ထို အတွက် သူ့တွင် စရိတ်မရှိ။ ထိုကြောင့် ဘ၀ပင်ရွာတွင်ဝယ်ထားသည့် ခြံရှစ်ဧက ကို ဆယ်သိန်းကျပ်ဖြင့် ရောင်းချလိုက်သည်။

ခြံရောင်းရငွေထဲက တစ်ဝက်ကို သားသမီးများ ပညာရေးအတွက် အသုံး ပြုပြီး ကျန်တစ်ဝက်ကို တရားရင်ဆိုင် သည့် စရိတ်အဖြစ် အသုံးပြုခဲ့သည်။

ဖထီးဒါးရွှေကိုယ်တိုင်က ဆိုင်ကယ် မစီးတတ်သလို သူ့တွင် ဆိုင်ကယ်လည်း မရှိ။ ထိုကြောင့် ကင်းပွန်းချုံရွာမှ တော လမ်းအတိုင်း ကျောက်မဲတောင်ရွာသို့ မိနစ်သုံးဆယ်ခန့် လမ်းလျှောက်ရသည်။ ထိုမှ တစ်ဆင့် ထားဝယ်မြို့ကိုသွားရန် ဆိုင်ကယ်ငှားစီးသည်။

သူတစ်ဦးတည်း ထားဝယ်ကို တစ်ခေါက်သွားလျှင်ပင် စားသောက်၊ ခရီးစရိတ်အတွက် သုံး သောင်းကျပ်ဝန်းကျင် ကုန်ကျသည်။ သက်သေများပါ လိုက်ပါသည့်နေ့ဆိုပါ က ထိုထက်ပိုကုန်ကျသည်ဟု ဆိုသည်။

မိုးရာသီတွင် ထားဝယ်-ကျောက်မဲ တောင် ကားလမ်းတစ်လျှောက်ရှိ နေရာ အချို့တွင် ရေကြီး၊ ရေလျှံမှုများရှိသော် လည်း အမှုရုံးချိန်းကို မပျက်မကွက်တက် ရောက်ခဲ့သည်။

စောဒါးရွှေက ဗမာစကားကောင်း ကောင်းနားမလည်သလို မြန်မာစာကို လည်း ကောင်းကောင်းမရေးတတ်။ သူ့ ရေးမှတ်ထားသည့် ရုံးချိန် မှတ်စုစာအုပ် သေးသေးထဲတွင် ရုံးချိန်းနေ့စွဲများကို မြန်မာစာ၊ ကရင်စာနှစ်မျိုးဖြင့် အဆင် ပြေသလို ရေးမှတ်ထားသည်။ စာလုံး ပေါင်းသတ်ပုံများမှာ မှန်တစ်ဝက်မမှန် တစ်ဝက်။ သူ့ကိုအမှုကို လိုက်ပါကူညီ ပေးနေသည့် သူများက ရုံးချိန်းနေ့များကို တစ်ခါတစ်ရံ ရေးမှတ်ပေးရသည်ဟုဆို သည်။

ပထမဆုံးရုံးချိန်တွင် ဖထီးဒါးရွှေ မထင်မှတ်ထားသော အခက်အခဲတစ်ခု ကို ရင်ဆိုင်လိုက်ရသည်။ ထိုအရာကား တရားခွင်တွင် တရားသူကြီးနှင့် ရှေ့နေ များမေးသည့် ဗမာစကားကို သူနားမ လည်။ ထားဝယ်စကားကို ကောင်းကောင်းနားလည်သော်လည်း ရှေ့နေများ က ဗမာစကားဖြင့်သာ မေးတတ်သည်။

နောက်ပိုင်းတွင် သူ့အမှုကို လိုက်ပါ ကူညီပေးနေသူများက ကရင်စကားပြန် တစ်ဦးကို ခေါ်ယူပေးခဲ့သည်။ တရားရင် ဆိုင်နေသည့် ကာလတစ်လျှောက်လုံး ဘာသာပြန်အကူအညီဖြင့် ရှေ့နေများ မေးမြန်းချက်များကို လျှောက်လဲခဲ့ရသည်။

အမှုကိစ္စများနှင့်သာ လုံးပန်းနေရ သည့် ဖထီးသည် မိသားစု စားဝတ်နေ ရေးအတွက် အလုပ်မလုပ်နိုင်တော့။ တစ်ဘက်တွင် နေပူမရှောင်၊ မိုးရွာမရှောင် ထားဝယ်မြို့ကို ခေါက်တုံ့၊ ခေါက်ပြန် သွားလာနေရသည့် အသက် ၅၂ နှစ် အရွယ် စောဒါးရွှေမှာ ကျန်းမာရေးထိခိုက် လာသည်။

ထားဝယ်ဆေးရုံတွင် ဆေးကုသမှု ခံယူတော့ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါနှစ်ခုကို ခံစားနေရပြီဖြစ် ကြောင်း သိလိုက်ရသည်။

ဇနီးဖြစ်သူမှာ တစ်ဖက်က မိသားစု စားဝတ်နေရေး၊ သားသမီးများ ပညာရေး အပြင် ဖထီးအတွက် ဆေးဖိုးပါ ထပ်တိုး ရှာဖွေလာရတော့သည်။ ထိုအတွက် ခဲရင်းသည့် ဝင်ငွေဖြင့်မလောက်ငတော့။ သမီးအလတ်ကို ဆင်ပေးထားသည့် နားကပ်တစ်ရံနှင့် အိမ်တွင် မွေးမြူထား သည့် နွားများကို ရောင်းချပြီး အခက်အခဲ ပေါင်းစုံကို ဖြေရှင်းတော့သည်။

အသက်အရွယ်ရလာပြီး ကျန်းမာ ရေးပြဿနာရှိနေပြီဖြစ်သည့် ဖထီးသည် အခြားသူများထံတွင် အခါအားလျော်စွာ တောခုတ်လိုက်သည်။ ဝက်မွေးပြီး ဝင်ငွေ ရရှိအောင် ဆောင်ရွက်ခဲ့ရသည်။

ထိုကဲ့သို့အခက်အခဲပေါင်းများစွာကိုဖြတ်သန်းပြီး အမှုကို လေးနှစ်ကျော် ရင်ဆိုင်ပြီးနောက် ဝီရိယအကျိုး၊ ဇွဲတန်ခိုး က ပြလာသည်။ ကွမ်းသီးပင်များပျက်စီး မှုအတွက် လျော်ကြေးငွေ သိန်းတစ် ထောင်ကျော် (၁၁၄၈ သိန်း) ရလိုမှုဖြင့် မြန်မာပွန်ပီပက်ကုမ္ပဏီအား ဖထီးဒါးရွှေ က တရားစွဲဆိုထားမှုကို ထားဝယ်ခရိုင် တရားရုံးက အနိုင်ပေးလိုက်သည်။ ၁၁၄၈ သိန်း ကုမ္ပဏီက ဖထီးအားလျော် ကြေးပေးရန် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်တွင် ထားဝယ်ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ထိုကဲ့သို့လျော်ကြေးငွေ သိန်း ထောင်ချီရရှိမည်ဟု အမိန့်ချလိုက် သော်လည်း ဖထီးဒါးရွှေ ပျော်သည်ဟု မခံစားရဟုဆိုသည်။ ထိုငွေကို အသုံး မချတတ်။ စိတ်ကူးထဲတွင်တော့ အဝေးသင် တက်ရောက်နေသည့် သမီးအတွက် ဆိုင်ကယ်တစ်စီးနှင့် သတ္တမတန်းတက် ရောက်နေသည့် သမီးအတွက် ချေးငှား ထားသော ငွေကျပ်ကိုးသိန်းကို ဦးစွာ ဆပ်မည်ဟု မှန်းထားသည်။

ကျန်ငွေများဖြင့် မြေတစ်ကွက် ဝယ်ပြီး လူငှားဖြင့် ကွမ်းသီးပင်များထပ် စိုက်မည်ရန်လည်း စိတ်ကူးထားသည်။ သူကိုယ်တိုင်တော့ ကျန်းမာရေးအခြေ အနေအရ ဥယျာဉ်အလုပ်ကို မလုပ်နိုင် တော့ပြီ။

ဥပဒေအကြောင်းကို နားမလည် သော ဖထီးစောဒါးရွှေသည် အမှုရှုံးသွား သည့် မြန်မာပွန်ပီပက် ကုမ္ပထီထံမှ မကြာမီ လျော်ကြေးငွေများရရှိတော့မည် ဆိုသည့် စိတ်ကူးဖြင့် ထိုသို့ မျှော်လင့် ထားခြင်းဖြစ်သည်။

ဥပဒေအရမှု အမှုရှုံးသွားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီသည့် အထက် တရားရုံးများဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော်မှ စ၍ ပြည် ထောင်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံဝင်ခွင့်ရှိနေသည်။

ထိုသို့အယူခံဝင်နေချိန်ကာလ အတွင်း အမှုအနိုင်ရရှိသည့် စောဒါးရွှေမျှော်လင့် ထားသည့် လျော်ကြေးငွေသိန်းတစ်ထောင် ကျပ်ကို ကုမ္ပဏီဘက်က ပေးချေရန် မလိုသေးပေ။ အယူခံအဆင့်ဆင့်တက် ရောက်ပြီး အနိုင်ရရှိမှာသာ ယင်းလျော် ကြေးငွေများကို ရရှိမည်ဖြစ်သည်။

သတ္တုကုမ္ပဏီနှင့် ဖထီးဒါးရွှေတို့ ပြိုင်ဆိုင်သည့်ပွဲက မပြီးသေး။ ထိုအခြေ အနေကို စောဒါးရွှေမသိ။ ယခုတော့ သူဝယ်ပြီး ကွမ်းသီးပင်ပြန်စိုက်မည့် မြေနေရာကိုပင် စိတ်ကူးဖြင့် ရွေးချယ်ထား ပြီးဖြစ်နေသည်။

ကျော်သူစိုး