မင်းသားရွာ စခန်းသိမ်းတိုက်ပွဲ တော်လှန်ရေးပူးပေါင်းတပ်မှ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

0
712
Photo- ဒေါနစစ်ကြောင်းနှင့်MSRF

ရေဖြူမြို့နယ် ၊ မင်းသားရွာအခြေစိုက် ပျူစောထီးစခန်းကို တော်လှန်‌ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာတွင် ရဲဘော်တစ်ဦးကျဆုံးခဲ့သလို နှစ်ဦး ဒဏ်ရာရရှိခဲကြောင်း သိရသည်။

အင်းအား ၇၀ ခန့်ရှိသည့် မင်းသားရွာ ပျူစောထီးစခန်းကို မနေ့(မတ် ၂၃) မနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ နာရီနီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ယင်းတိုက်ပွဲတွင် ပျူစောထီး ၁၀ ဦး သေဆုံးခဲ့ပြီး ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲမှ ရဲဘော်ဘဲကြီးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် ဒေါနစစ်ကြောင်းထံမှ သိရသည်။

ယင်းအပြင် မင်းသားရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်အပါအဝင် လက်နက်နှင့် ပြည်သူ့စစ်အဝတ်အစားများတွေ့ရှိသည့် နေအိမ် ၆ လုံးကိုလည်း မီးရှို့ခဲ့သေးကြောင်း ဒေါနတပ်ခွဲ ၄ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မင်းသားရွာမှာတော့ အခုည စစ်ကောင်စီက အင်အားအပြည့်ရောက်နေတယ်။ လက်နက်ကြီးလည်း ထုနေသေးတယ်“ ဟု ၎င်းက မတ်လ ၂၃ ရက်နေ့ ညတွင်ပြောဆိုသည်။

မင်းသားရွာတိုက်ပွဲပြီးနောက် နံနက် ၁၀ နာရီခန့်တွင် မွန်နှင့် တနင်္သာရီအစပ်ရှိ မလွှဲတောင်ဂိတ်ကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိခိုက်မှုအခြေအနေကိုမူ မသိရသေး‌ဟု ဒေါနတပ်ခွဲ ၄ ၏ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

၎င်းစစ်ဆေးရေးဂိတ်ကိုလည်း စစ်ကောင်စီဘက်က တစ်နေ့လုံးပိတ်ထားခဲ့သည်။

အဆိုပါစစ်ဆင်ရေးနှစ်ခုကို ဒေါနစစ်ကြောင်းက ဒေါနတပ်ခွဲ-၆ ၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၇)၊ ရေးသိမ်းငှက် ၊ YDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊ YAF ၊ ထားဝယ်ခရိုင် တပ်ရင်း(၁) တို့က ပူးပေါင်းစစ်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။