ထိုင်းတွင် ၁၄ နှစ်အရွယ် မြန်မာကလေးတစ်ဦး ဆုန်ကရန်မှအပြန်တွင် ရေထဲပြုတ်ကျသေဆုံး

0
355

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်၌ ဆုန်ကရန်ပွဲတော်တွင် ရေကစားရာပြီး ပြန်လာသော အသက် ၁၄ နှစ်အရွယ် မြန်မာကလေး တစ်ဦးသည် ခန္ဓာကိုယ်ဆေးကြောရန် မြောင်းထဲဆင်းစဉ် မတော်တဆ ရေမြောင်းထဲ ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြသည်။

သေဆုံးသူသည် မြန်မာကလေးငယ်သည် ထိုင်းကျောင်းတက်နေသော ကျောင်းသားတစ်ဦးဖြစ်သည်။

ပြီးခဲ့သော ဧပြီလ ၁၅ ရက်နေ့က အခြားသူငယ်ချင်းများနှင့်အတူ ဘန်းပေါ်ဒေသရှိ ဝပ်ဒေါ်တူးကျောင်းရှေ့ ရေမြောင်းအနီး ဆုန်ကရန်ပွဲတော်တွင် ရေကစားခဲ့ကြောင်း ဖော်ပြသည်။

မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရေကစားရာကအပြန် ခန္ဓာကိုယ်တွင် ပေနေသော သနပ်ခါးပေါင်ဒါများကို သန့်ရှင်းရန် ရေမြောင်းထဲရှိ ရေနှင့် ဆေးကြောရန် သူငယ်ချင်းများနှင့် ဆင်းသွားခဲ့ကြောင်း ဆိုသည်။

ဆင်းသွားစဉ် အနီးရှိ ဝါးလုံးဖြင့် ချည်ထားသော ကြိုးကို ဆွဲထားသော်လည်း မတော်တဆ ကြိုးပြတ်သွားကာ ရေမြောင်းထဲပြုတ်ကျခဲ့ပြီး ရေနစ် ပျောက်ဆုံးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါမြန်မာကလေးသည် ရေမကူးတတ်ကြောင်း အဒေါ်ဖြစ်သူက ပြောဆိုသည်။

ရတ်ချ်ဘူရီ ကယ်ဆယ်ရေးအဖွဲ့က ၎င်းကို ညအထိ ရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း သတင်းတွင် ရေးသားသည်။

ဧပြီလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် အလောင်းကို ရွာသားများက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပြီး မိသားစုထံ လွှဲပြောင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: KomChadluek, Khoasod