နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီက အကျဉ်းသားသုံးထောင်ကျော် လွတ်ငြိမ်းခွင့်ပြု

0
330
ပုံစာ - ရန်ကုန် အင်းစိန်ထောင်ရှေ့မြင်ကွင်း (၂၀၂၂ ခုနှစ်က ပုံဟောင်းဖြစ်သည်) Photo - Santosh/AA/picture alliance

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် အကျဉ်းသား၊ အကျဉ်းသူ သုံးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ ၃၃၀၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်လျှင် ယခုကျခံရန်ကျန်ရှိသည် ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ကန့်သတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် နိုင်ငံတစ်ဝန်းတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

ယင်းသို့ လွတ်ငြိမ်းခွင့်ပြုရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ၊ မတရားအသင်း များအက်ဥပဒေ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေ၊ ၁၉၅၁ ခုနှစ်လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်၊ ၂၀၂၃ခုနှစ် လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတို့အရ ပြစ်ဒဏ် ကျခံနေရသူများ မပါဝင်ကြောင်း ဖော်ပြသည်။

နိုင်ငံခြားသား ၃၆ဦးကိုလည်း စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်သည်၊

စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပြုရာတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်လေ့ရှိပြီး ယခုတစ်ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်လာသည်ကို မသိရသေးပေ။

အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ပြည်သူ ၂၆၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၀၃၀၀ ကျော်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၈၉၀၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။

ဖမ်းဆီခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ၆၀၀၀ ကျော်ရှိကြောင်း AAPP ထံမှ သိရသည်။