မြိတ်မြို့ နေ့အပူချိန် နှစ် ၇၀ကျော်တွင် စံချိန်သစ်တင်

0
1236

မြိတ်မြို့တွင် ဧပြီလ ၁၀ ရက်က နေ့အပူချိန် ၃၉ ဒသမ ၂ ဒီဂရီဆဲစီးယပ်ဖြင့် နေ့အပူချိန် စံချိန်သစ်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

၂၀၀၄ ခုနှစ် ဧပြီလ ၂၇ ရက် စံချိန်တင်ခဲ့သည့် နေ့အပူချိန် ၃၉ ဒီဂရီဆဲစီးယပ်ကို ကျော်လွန်ကာ မိုးလေဝသစခန်းတည်ဆောက်သည့် နှစ်မှစ၍ ၇၇ နှစ်အတွင်းစံချိန်သစ်ထပ်တင်ခြင်းဖြစ်သည်။

“ရာသီဥတုကတော့ ပူတာပေါ့။ မနေ့က (ဧပြီ ၁၀) နေတောက်လျှောက်ပူတယ်။ ဒီနေ့တော့ မိုးရိပ်ငယ်နည်းနည်းတက်နေတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

ယမန်နေ့ညနေပိုင်းက ထားဝယ်ခရိုင်အတွင်း နေရာအများစုတွင် သင်္ကြန်ကာလအကြို မိုးရွာသော်လည်း မြိတ်မြို့တွင် မိုးမရွာသေးကြောင်း မြို့ခံများက ဆိုသည်။

ယခုနှစ်နွေရာသီတွင် တနင်္သာရီတိုင်း၌ ထားဝယ်၊ လောင်းလုံး၊ မြိတ်နှင့် ကော့သောင်း မြို့လေးမြို့ အပူချိန်စံချိန်သစ်များတင်ခဲ့ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်များအရသိ ရသည်။

ထားဝယ်မြို့တွင်လည်း ဧပြီလ ၉ ရက် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီဆဲစီးယပ်အထိ ရောက်ရှိပြီး ၇၈နှစ်အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့သည်။