ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် ၂ တံတား ယာယီပိတ်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်

0
1223

ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေသော မြဝတီမြို့ ချစ်ကြည်ရေး အမှတ် ၂ တံတားကို ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်းဘက်က ပိတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ထို့ကြောင့် မဲဆောက်ဘက်တွင် ပစ္စည်းတင်ပို့ယာဉ် ၂၀၀ ခန့် သောင်တင်နေကြပြီး လုံခြုံရေးအရ ပစ္စည်းများ တင်ပို့ခွင့် မပေးထားကြောင်း ဖော်ပြသည်။

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNU သိမ်းပိုက်လိုက်ပြီးနောက် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး တိမ်း‌‌ရှောင်သွားသဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီဖြစ်ကြောင်း ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမှတ် ၂ တံတားသည် ကုန်စည်ပို့ဆောင်နေသော တံတားဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်သော ခလရ ၂၇၅ နှင့် နီးကပ်နေသော နေရာဖြစ်သည်။။

ခလရ ၂၇၅ တပ်ကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် လက်နက်များနှင့်အတူ အမှတ် ၂ ချစ်ကြည်ရေး တံတားဘက်သို့ ပြေးလာပြီး ထိုင်းဘက်တွင် ခိုလှုံခွင့် တောင်းခံနေကြောင်း ထိုင်းသတင်းများက ရေးသားသည်။

သို့သော်လည်း ထိုင်းဘက်က ခိုလှုံခွင့်ပေးမပေး တိတိကျကျ မထုတ်ပြန်သေးဘဲ ထိုင်းနယ်ခြားစောင့်တပ်များကလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားခဲ့သည်။ ပြည်တွင်းသတင်းအချို့တွင်မူ ထိုင်းဘက်က ဝင်ခွင့်ပြုလိုက်သည်ဟု ရေးသားထားကြသည်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ် ၁ တံတားကိုမူ ပုံမှန်အတိုင်း ဖွင့်လှစ်ထားလျက်ရှိပြီး မဲဆောက်ဘက် တိမ်းရှောင် လာသူများလည် ယနေ့တွင်လည်း ပိုများလာခဲ့ကြောင်း အမှတ် ၁ တံတားနေ ပြည်သူများထံမှ သိရသည်။

ဧပြီလ ၁၀ ရက်နေ့တွင် တံတားပေါ်မှ မဲဆောက်ဘက်သို့ ဝင်လာသူများ ၄၀၀၀‌ ကျော်ရှိပြီး ပုံမှန်နေ့များတွင် ပျမ်းမျှ ၁၉၀၀ ခန့်သာရှိကြောင်း ထိုင်းဘက်က ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရဘက်ကလည်း မြန်မာနိုင်ငံက တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော ဒုက္ခသည် ၁ သိန်းကျော်ကို နယ်စပ် တစ်လျှောက်တွင် ယာယီလက်ခံရန် ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ်က ဆိုထားသည်။

Ref: Thai PBS, MGR Online