အကျိုးစီးပွားဆက်စပ်သည့် အိမ်နီးချင်းနိုင်ငံအချို့၏ကူညီမှုဖြင့် စစ်ကောင်စီ အာဏာကိုဖက်တွယ်ထားဟု AA စစ်ဦးစီးချုပ်ပြော

0
14212
Photo - AA Info Desk ပုံစာ - AA တပ်တည်ထောင်မှု ၁၁ နှစ်မြောက်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်။

စစ်ကောင်စီသည် စစ်လက်နက်အင်အား၊ ရေတပ်၊ လေတပ်နှင့် အကျိုးစီးပွားချင်း ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံအချို့၏ ကူညီပံ့ပိုးမှုများဖြင့် အာဏာကို ဆက်လက်ဖက်တွယ်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ဧပြီလ ၁၀ ရက်က AA တပ် တည်ထောင်မှု ၁၅နှစ်ပြည့် အခမ်းအနား မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ဗမာလူမျိုးများ၏ ပြင်းထန်သည့်ဆန့်ကျင်မှု၊ လက်နက်ကိုင်တော်လှန် မှု၊ တိုင်းရင်းသားပေါင်းစုံ၏ တစ်ပြိုင်နက်တည်းဆန့်ကျင်မှု၊ နိုင်ငံရေး စစ်ရေး စီးပွားရေး အကျပ်အတည်းများအပြင် မြန်မာစစ်တပ် တစ်ခါမျှမကြုံဖူးသည့် အထွေထွေအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်းလည်း ဆိုသည်။

ရခိုင်တွင် ရည်မှန်းချက် ပြီးမြောက်ရန်အတွက် စစ်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အပြင်းထန်ဆုံးနှင့် အလျင်အမြန်ဆုံး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

လက်ရှိ ရရှိထားသည့် အောင်မြင်မှုများကို စိတ်ကြီးဝင်ကာ စစ်ကောင်စီကို လျှော့တွက်ခြင်းမျိုး၊ တာဝန်ပေါ့လျော့ခြင်းမျိုး မလုပ်ဘဲ သင့်တင့်လျောက်ပတ်စွာသာ ဂုဏ်ယူကြရန်လည်း AA ရဲဘော်များကို သတိပေးပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်က ရခိုင်တွင် လမ်းနည်းမျိုးစုံ ထောင့်ပေါင်းစုံက စစ်မျက်နှာဖွင့်ကာ အလုံးစုံပျက်သုဉ်းရေးအတွက် တိုက်ခိုက် နေပြီး ယင်းသို့ တိုက်ခိုက်မှုအတွက်လည်း စစ်ရေးအရ ပြင်းပြင်းထန်ထန်တိုက်ခိုက်ကာ လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် အလယ်ပိုင်းရှိ တရုတ်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့တို့တွင် ပိတ်မိနေသည့် ပြည်သူများ နည်းလမ်းအမျိုးမျိုးဖြင့် မကြာမီအချိန်တစ်ခုအတွင်းတွင် AA ထိန်းချုပ်နယ်မြေများသို့ ထွက်ခွာကြရန်လည်း ထည့်သွင်း ပြောဆိုထားသည်။

ထို့ကြောင့် စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် မကြာမီစစ်ရေးဖော်ဆောင်လာနိုင်ကြောင်း ရခိုင်ဒေသခံအချို့က ပြောဆိုကြသည်။

ရခိုင်အပြင် ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများတွင် ၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို လူမျိုးရေးခွဲခြားပြီး ကန့်သတ် ချုပ်ချယ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

ယင်းအပြင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာစေရန် Arakan Rohingya Salvation Army (ARSA) ၊ Arakan Rohingya Army (ARA) တို့ကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ခြင်းတို့ကို လုပ်ဆောင်နေ ကြောင်းလည်း ဆိုသည်။

AA အနေဖြင့်မူ ရခိုင်တွင်ရှိသည့် လူမျိုးစုအသီးသီးသည် တန်းတူ၊ ဂုဏ်ရည်တူ၊ လွတ်လပ်မှုအခွင့်အရေးများနှင့် တာဝန်များကို တရားမျှတစွာ ဖော်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

ရခိုင်တွင် ဘဂ်လားဒေ့ရှ်နယ်စပ် မြို့များဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်၊ ရခိုင်တောင်ပိုင်းက မြို့နယ်များတွင် စစ်ကောင်စီနှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်။