တနင်္သာရီက စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ထံခိုလှုံ

0
502
ဓာတ်ပုံ - မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁

တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က မတ်လ ၂၈ ရက် (ယမန်နေ့)က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် မတ်လ ၂၅ ရက်နေ့တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံ ဆက်သွယ်လာပြီး ယင်းနေ့တွင်ပင် ဘက်ပြောင်းခိုလှုံလာကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိတွင် ဘက်ပြောင်းလာသူ၏ လုံခြုံရေးအခြေအနေကြောင့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန်မရှိသေးကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

“ကျွန်တော်တို့ဘက်ကတော့ အရင်ကလုပ်ဆောင်ခဲ့တဲ့အတိုင်း ဆုချီးမြှင့်တာ၊ သူသွားချင်တဲ့နေရာကို ပို့ဆောင်တွေကို လုပ်ပေးသွားဖို့ရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဘက်ပြောင်းခိုလှုံလာသည့် တပ်သားနှင့်အတူ MA1 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ခု၊ ကျည် ၅၄၀ တောင့်အပါအဝင် လက်ပစ်ဗုံး ၂လုံးနှင့် အီနာဂါဗုံးသီး ၂ လုံး ကို ယူဆောင်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းကို CDM မူဝါဒနှင့် အညီဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ ကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ ၅ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုသို့ စစ်ကြောင်းအဖြစ် ပူးပေါင်းဖွဲ့စည်းသည့် အချိန်ကစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်က ဘက်ပြောင်းခိုလှုံလာသူ နှစ်ဦးရှိခဲ့ပြီဖြစ်သည်။