တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
462

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၂၄ ရက်နေ့မှ ၂ ရက်နေ့အထိ

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေအသစ် အသက်ဝင်

ဟောင်ကောင်မှာ နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှုစတဲ့ အမှုတွေနဲ့ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ် မတ်လ ၂၃ ရက်နေ့က စတင်အသက်ဝင်လာပါတယ်။

ဥပဒေက အစိုးရကို ဝေဖန်ရင် ထောင် ၁၀ နှစ်ကျနိုင်သလို၊ လူတစ်ယောက်ကို အမှုမဖွင့်ဘဲ ၁၆ ရက်အထိ ထိန်းသိမ်းထားနိုင်တာပါ။

နိုင်ငံခြားသားတွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရာမှာ ရည်ရွယ်ချက်တွေ၊ မလျော်ကန်တဲ့ နည်းတွေနဲ့ တရားမဝင်ဖြစ်နေရင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တယ်လို့ ဥပဒေထဲ ပြဌာန်းထားပါတယ်။

ဒါဟာ ဟောင်ကောင် ပြည်သူတွေသာမဟုတ်ဘဲ အဲဒီမှာနေထိုင် အလုပ်လုပ်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေကိုလည်း သက်ရောက်မှု ရှိလာတာဖြစ်ပါတယ်။

ဒီဥပဒေက လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိုပြီးနည်းသွားအောင် ခြိမ်းခြောက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ထုတ်ပြန်ထားပါတယ်။

Ref: BBC

………………………………..

ရုရှားကပွဲရုံ တိုက်ခိုက်ခံရမှု အနည်းဆုံး ၁၃၇ ကျော်သေဆုံး

ရုရှားနိုင်ငံ မော်စကိုမြို့တော်က ကပွဲရုံတစ်ခု တိုက်ခိုက်ခံရလို့ လူပေါင်း ၁၃၇ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒါနဲ့ပက်သက်ပြီး ပစ်ခတ်မှုမှာ ကိုယ်တိုင်ပါဝင်သူ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရုရှားဘက်ကလည်း ကြေညာခဲ့ပါတယ်။

ယူကရိန်းဘက်ကို ထွက်ပြေးဖို့ ပုန်းခိုနေစဉ် ဖမ်းမိခဲ့တာပါ။

မတ်လ ၂၂ ရက် ညပိုင်းက ကဇတ်ရုံထဲမှာ ဂီတဖျော်ဖြေပွဲကြည့်ဖို့ ရောက်နေသူတွေကို သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၃၇ ဦးအထိ ရှိလာခဲ့ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ယူကရိန်းကို စွပ်စွဲတာဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ ယူကရိန်းဘက်က တုံ့ပြန်ထားပါတယ်။

IS စစ်သွေးကြွအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Ref: BBC

………………………………..

ဂါဇာအပစ်ရပ်ရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ်လ ၂၅ ရက်နေ့မှာ ပထမဆုံး မဲခွဲအတည်ပြုနိုင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်က ဒီဆုံးဖြတ်ချက်ကို ဗီတိုအာဏာမသုံးခဲ့ပါဘူး။

မွတ်ဆလင်တို့ရဲ့ ရာမာဒန် ဥပုသ်လအတွင်း အပစ်ရပ်စဲဖို့ ကုလလုံခြုံရေးကောင်စီရဲ့ တောင်းဆိုလိုက်တာပါ။

ဒါကို အစ္စရေးဝန်ကြီးချုပ်က ချက်ချင်းကန့်ကွက်ခဲ့ပြီး အစ္စရေး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဝါရှင်တန် ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။

ဒီတောင်းဆိုချက်ထဲမှာ ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓားစာခံတွေလွှတ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မပါပါဘူး။

ဒါကို အမေရိကန်ကခွင့်ပြုခဲ့တာဟာ သူ့ရဲ့မူလရပ်တည်ချက်ကနေ သွေဖယ်တာဖြစ်တယ်လို့ အစ္စရေးဘက်က တုံ့ပြန်ထားပါတယ်။

Ref: CNN

………………………………..

တရုတ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကို ဒေါ်လာ ၁၁ သန်းကျော် လာဘ်ပေးလာဘ်ယူမှုနှင့် မတ်လ ၂၆ ရက်နေ့က ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။

Chen Xuyuan ဟာ ပရောဂျက် ကန်ထရိုက်ပေးတာ၊ လုပ်ငန်းရင်းနှီးမြှုပ်နှံတာ၊ အားကစားပွဲအစီအစဉ်တွေလုပ်တဲ့နေရာတွေမှာ လုပ်ပိုင်ခွင့်သုံးပြီး အလွဲသုံးစားလုပ်ခဲ့တာပါ။

သူက ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဒေါ်လာ ၁၁ သန်းကျော်နဲ့ညီမျှတဲ့ ယွမ်ငွေ ၈၁ သန်းကျော်ဖိုး ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းတွေလက်ခံခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

တရုတ်ဘောလုံးလောကကို အကြီးအကျယ်ထိခိုက်အောင် သူလုပ်ခဲ့တယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။

Ref: CNN

………………………………..

တိုက်ပွဲတွေအရှိန်မြှင့်ဖို့ အစ္စရေးဝန်ကြီးချုပ်ပြော

ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကို ချေမှုန်းဖို့အတွက် စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဆက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂမင် နေတန်ယာဟုက မတ်လ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုထားတဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ထားတာပါ။

ဟားမတ်စ်ဘက်က မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကိုလိုက်နာမှာ မဟုတ်ဘူးလို့ သူက ဆိုထားပါတယ်။

ဖမ်းဆီးခံထားရသူတွေ အားလုံးပြန်လွတ်လာရေး၊ ဟားမတ်စ်တို့ရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးစွမ်းရည်အားလုံးကို ဖျက်စီးနိုင်ရေးနဲ့ ဂါဇာထဲကနေ အစ္စရေးကို နောက်ထပ် ဘယ်တော့မှအန္တရာယ်မပြုနိုင်ရေးအထိ လုပ်ဆောင်မှာလို့ သူက ဆိုပါတယ်။

ဝါရှင်တန်ကို ဂါဇာအရေးဆွေးနွေးမယ့် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရေး အစီအစဉ်ကိုလည်း ဖျက်သိမ်းထားတာ ဖြစ်ပါတယ်။

Ref: VOA

………………………………..

အမေရိကန်တွင် ကုန်တင်သင်္ဘောကြီး ဝင်တိုက်လို့ နာမည်ကြီးတံတား ပြိုကျ

အမေရိကန်ပြည်ထောင်စု Baltimore ပြည်နယ်မှာ မတ်လ ၂၆ ရက် နံနက်စောစောက ကုန်တင်သင်္ဘောကြီး ဝင်တိုက်ခိုက်လို့ Francis Scott Key တံတားကြီး ပြိုကျခဲ့ပါတယ်။

တံတားကြီး ကျိုးမကျခင် တံတားပေါ်မှာ အလုပ်သမားတွေ လမ်းပြင်နေကြတာပါ။

အလုပ်သမားစုစုပေါင်း ၈ ဦးရှိနေခဲ့ပြီး ၂ ဦးကို နာရီပိုင်းအကြာမှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုတော့ ရှာဖွေနေဆဲပါ။

တစ်ချို့ကားတွေလဲ ရေထဲနဲ့ တံတားပျက်စီးတွေကြားထဲ ရှိနေဆဲဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ တန်ချိန် ၇၆၀ ကျော် အလေးချိန်ရှိတဲ့ ကွန်တိန်နာကြီး ၅၆ ခုသယ်ဆောင်လာတာပါ။

ဒီထဲမှာ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ lithium-ion ဘက်ထရီတွေပါဝင်တယ်လို့ ဆိုထားပါတယ်။

စင်ကာပူအလံထောင်ထားတဲ့ သင်္ဘောသွားလာမှု မှတ်တမ်းတင်စက် ကိုလည်း ရရှိထားပြီး ကပ္ပတိန်နဲ့ သင်္ဘောသား ၂၃ ဦး လိုက်ပါလာတာဖြစ်ပါတယ်။

Ref: CNN

………………………………..

ဖိလစ်ပိုင်သင်္ဘောကို တရုတ်တိုက်ခိုက်

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်သင်္ဘောတစင်းကို တရုတ်ကတိုက်ခိုက်တာဟာ အန္တရာယ်ကြီးမားလှတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်က ဆိုပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်တွေက ဖိလစ်ပိုင်သင်္ဘောကို မတ်လ ၂၃ ရက်နေ့က ရေပိုက်တွေနဲ့ ထိုးပက်ခဲ့တာပါ။

ဒါဟာ အင်အားသုံး တိုက်ခိုက်တာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

နှစ်နိုင်ငံ သူပိုင် ကိုယ်ပိုင်အနေနဲ့ အငြင်းပွါးနေတဲ့နေရာမှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ကတော့ တရုတ်ကမ်းခြေစောင့်တပ်ရဲ့လုပ်ရပ်ကို ရှုတ်ချထားပါတယ်။

ရန်စမှုဟာ အကောင်းထက်အဆိုးဖြစ်စေမယ်ဆိုတာ ဖိလစ်ပိုင်အနေနဲ့သိဖို့လိုပြီး နိုင်ငံခြား ထောက်ခံမှုကလည်း ဘာမှအရာရောက်မှာမဟုတ်ဘူးလို့ တရုတ်ဘက်က တုံ့ပြန်ထားပါတယ်။

Ref: AP

………………………………..

အိန္ဒိယတွင် ဟိုလီပွဲတော် ကျင်းပ

“ချစ်ခြင်းရဲ့ပွဲတော်လို့” တင်စားခေါ်ဝေါ်ရတဲ့ ရောင်စုံပွဲတော်ဖြစ်တဲ့ ဟိုလီပွဲတော်ကို အိန္ဒိယနိုင်ငံမြို့ကြီးတစ်ချို့မှာ မတ်လ ၂၅ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီပွဲဟာ ဟိန္ဒူဘာသာရဲ့ အထင်ကရအဖြစ်ဆုံးပွဲတော်ထဲက တစ်ခုပါ။

အနီ၊ အပြာ၊ အစိမ်းနဲ့ ပန်းရောင်အမှုန့်တွေနဲ့ ပက်ကြသလို့ မုန့်တွေကျွေးတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပါတယ်။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီပွဲကို ကိုဗစ်ကပ်ဘေးကြောင့် ၂နှစ်ကျော်ကြာ ပိတ်ပင်ထားရာကနေ မနှစ်က ပြန်လည်ကျင်းပခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။

ဟိုလီ ပွဲတော်ကို ခုလို မတ်လရောက်တိုင်း ဟိန္ဒူဘာသာဝင်တွေအများစု နေထိုင်တဲ့ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ စတဲ့နိုင်ငံတွေမှာ စည်စည်ကားကား ဆင်နွှဲကြလေ့ရှိပါတယ်။

Ref: Aljazeera

………………………………..

ဆော်ဒီတွင် ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ် တည်ဆောက်မည်

ကမ္ဘာ့ပထမဆုံး Dragon Ball အပန်းဖြေဥယျာဉ်ကို ဆော်ဒီအာရေဗျမှာ တည်ဆောက်တော့မှာဖြစ်ပါတယ်။

ဂျပန်စီးရီး Dragon Ball ရဲ့ ပရိသတ်တွေက အခုဆို စီးရီးထဲက အကြိုက်ဆုံးစွန့်စားခန်းတွေကို လူကိုယ်တိုင်တွေ့ကြုံခံစားနိုင်တော့မှာပါ။

ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Qiddiya ရဲ့ အကြီးမားဆုံးပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီအပန်းဖြေဥယျာဉ်က မြေဧရိယာစတုရန်းမီတာ ၅ သိန်းကျော်ရှိတဲ့ ဧရိယာ ၇ ခုပါဝင်မှာဖြစ်ပါတယ်။

စင်ကာပူမှာရှိတဲ့ Universal Studios အပန်းဖြေဥယျာဉ်ရဲ့အရွယ်အစားထက် နှစ်ဆကျော်ပါတယ်။

ဒီပရောဂျက်အတွက် ပြီးစီးမယ့်ရက်စွဲကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Ref: BBC

………………………………..

ထိုင်းက အရှေ့တောင်အာရှတွင် ပထမဆုံး လိင်တူထိမ်းမြားခွင့်ပြုသောနိုင်ငံ ဖြစ်လာမည်

ထိုင်းနိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပထမဆုံး လိင်တူထိမ်းမြားခွင့်ကို ခွင့်ပြုတဲ့ နိုင်ငံဖြစ်လာတော့မှာပါ။

လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေကို အောက်လွှတ်တော်က မတ်လ ၂၇ ရက်မှာ တခဲနက် ထောက်ခံအတည်ပြုခဲ့ကြပါတယ်။

အတည်ဖြစ်လာဖို့ဆိုရင် အထက်လွှတ်တော်နဲ့ ထိုင်းဘုရင်က အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။

ဒီနှစ်ကုန်ပိုင်းလောက်မှာ ဥပဒေ အတည်ဖြစ်လာမယ်လို့ ထိုင်းပြည်သူတွေက မျှော်လင့်နေကြပါတယ်။

ထိုင်းဘုရင်က အတည်ပြုလိုက်မယ်ဆိုရင်တော့ အာရှမှာ ထိုင်ဝမ်၊ နီပေါတွေနောက် တတိယခွင့်ပြုတဲ့ နိုင်ငံဖြစ်လာမှာပါ။

ဥပဒေအရ အမျိုးသား၊ အမျိုးသမီးလက်ထပ်ခွင့်လို့ မသုံးတော့ဘဲ လူအချင်းချင်းလက်ထပ်ခွင့်လို့ ပြောင်းလဲသုံးစွဲသွားမှာဖြစ်ပါတယ်။

LGBTQ+ တွေလည်း ကျန်တဲ့သူတွေနဲ့ တန်းတူ အခွင့်အရေးအားလုံး ရရှိလာမှာဖြစ်ပါတယ်။

Ref: REUTERS

………………………………..