ထိုင်းတွင် ကရိန်းပြိုကျ၍ မြန်မာလုပ်သား ၇ ဦးသေဆုံး၊ လျော်ကြေးချက်ချင်းပေးရန် ဆန္ဒပြတောင်းဆို

0
593

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယနေ့ (မတ် ၂၉) ညနေပိုင်းက ကရိန်းပြိုကျပြီး မြန်မာအလုပ်သမား ၇ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ညနေ ၄ နာရီခွဲခန့်တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမား ၆ ဦးမှာ ပွဲချင်းပြီး သေဆုံးကာ ၁ ဦးက ဆေးရုံတွင် သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် မြန်မာအလုပ်သမားအများစုက အလောင်းများကို သယ်ခွင့်မပေးခဲ့ဘဲ သေဆုံးသူတစ်ဦးစီအတွက် လျော်ကြေး ဘတ် ၅ သန်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ကုမ္ပဏီဘက်က သေဆုံးသူတစ်ဦးလျှင် လျော်ကြေး ဘတ် ၅ သိန်းသာ ပေးချေရန် ကနဦးပြောကြားခဲ့သဖြင့် အလုပ်သမားများဘက်က သေဆုံးသူများအတွက် ဘတ် ၅ သန်းလျော်ကြေးပေးရန် တောင်းဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ ကျန်သောအလုပ်သမားများကိုလည်း လျော်ကြေးပေးရန် ညပိုင်းအထိ တောင်းဆိုကြသည်။

ည ၇ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့ပြီး အလောင်း ၆ လောင်းကိုသယ်မည့် အရေးပေါ်ကားများကို ဝိုင်းထားသော မြန်မာအလုပ်သမားများကို လာရောက်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

အရေးပေါ်ကားတစ်စီးက မှန်များ ကွဲခဲ့ကြောင်း ဆိုသည်။

ယခင်က မြန်မာအလုပ်သမားတစ်ဦး ဓါတ်လိုက်သေဆုံးသည့်အချိန်က အလုပ်ရှင်က လျော်ကြေးပေးရန် ငြင်းဆန်ခဲ့ဖူးခဲ့သဖြင့် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများက ထုတ်ဖော်ပြောဆိုထားသည်။

အလုပ်ရှင်က ယခုအချိန်တွင် လျော်ကြေး ပေးမည်ဟု ကတိပေးလျှင်ပင် ၎င်း၏ စကားကို မယုံကြည်နိုင်ကြဘဲ လျော်ကြေးငွေသား ချက်ချင်းပေးဖို့ မြန်မာအလုပ်သမားများဘက်က တောင်းဆိုနေကြကြောင်း သတင်းများတွင် ရေးသားထားသည်။

လက်ရှိအချိန်အထိ ရုပ်အလောင်းကို သယ်ယူနိုင်ရေး အလုပ်သမားများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref : Khaosod English, Matichon Online