ကျိုက်ထိုတွင် ရဟန်းတစ်ပါးနှင့် ကဖီးဆိုင်ပိုင်ရှင် ပစ်ခတ်ခံရ၊ ရဟန်းပျံလွန်တော်မူ

0
500

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်း (ဘောဂဝတီကျောင်း) က ရဟန်း တစ်ပါးနှင့် ကဖီးဆိုင်ပိုင်ရှင်တို့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်ခံရပြီး ရဟန်းပျံလွန်တော်မူသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျောက်ဖြူတောင်ကျောင်း (ဘောဂဝတီကျောင်း) က ရဟန်း ဥူးစန္ဒိမာနှင့် စစ်တော်ကဖီး ဆိုင်ပိုင်ရှင် ဦးတင်ငြိမ်း တို့သည် ကင်မွန်းချောင်းလမ်းမကြီးနှင့် ကင်မွန်းချောင်းနယ်မြေ ရဲစခန်းလမ်းဆုံရှိ စင်တော်ကဖီးဆိုင်ရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဥူးစန္ဒိမာသည် အခင်းဖြစ်ပွားရာ နေရာတွင် ပျံလွန်တော်မူသွားပြီး ဦးတင်ငြိမ်းသည် ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိသွားကြောင်း ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။

“ဘုန်းကြီး ဥူးစန္ဒိမာနဲ့ စစ်တော်ကဖီးဆိုင်ပိုင်ရှင် တင်ငြိမ်းတို့က စကစ သတင်းပေးတွေလို့ သတင်းထွက်နေတာ ပေါ့လေ။ အဲဒါကြောင့် ပစ်ခတ်ခံရတယ်လို့ ထင်တယ်။ ဘုန်းကြီးကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ တင်ငြိမ်းကတော့ ဆေးရုံတင်ထားရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ရဟန်း ဥူးစန္ဒိမာနှင့် စစ်တော်ကဖီးဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းတို့ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့တို့က ထုတ်ပြန်ထားသည်။

ရဟန်း ဥူးစန္ဒိမာသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး သေနတ်တို တစ်လက်ဖြင့် ရွာထဲတွင် တော်လှန်ရေးအဖွဲ့တို့၏ သတင်း ကို လိုက်လံထောက်လှမ်းပြီး စစ်ကောင်စီထံ သတင်းပေးခြင်း၊ ရွာသားများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခိုင်းခြင်း စသည် တို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

အလားတူ တပ်မိသားစုဝင်လည်းဖြစ်၊ ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်သည့် စင်တော်ကဖီးဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းသည် ရဟန်း ဥူးစန္ဒိမာနှင့် ပူးပေါင်းကာ ရွာသားများအပေါ် အနိုင်ကျင့်ခြင်း၊ စစ်ကောင်စီသတင်းပေးခြင်း တို့ကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ြပသည်။

အထက်ပါ ထုတ်ပြန်ဖော်ြပချက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း စစ်မှုထမ်းခေါ်ယူရေအတွက်ဆောင်ရွက်နေသည့် ကျိုက်ထိုမြို့နယ်၊ တောင်ကလ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံလွင်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ဆိုသည်။

မတ်လ ၂၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဘူတာလမ်းနေ စစ်ကောင်စီ ခရိုင်ထောက်လှမ်းရေး အဖွဲ့ဝင် ဦးနေမင်းကြည် ကို PDF တပ်ရင်း (၇၈၀၅) တပ်ခွဲ (၄) UG အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နီးစပ်သူ၊ စစ်ကောင်စီသတင်းပေးဟုဆိုသူများကို တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိပြီး ယခုမတ်လအတွင်း လူ ၅ ဦးထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့သည်။