ထားဝယ်ထောင်တွင် အကျဉ်းသားတစ်ဦး ထောင်ပြင်ပတွင် ခေါ်ယူစစ်ဆေးခံရစဉ် ပစ်သတ်ခံရ

0
879

ထားဝယ်ထောင်တွင် အကျဉ်းချခံထားရသည့် အကျဉ်းသားတစ်ဦးကို ထောင်ပြင်ပခေါ် ထုတ်စစ်ဆေးစဉ် ထွက် ပြေးသည်ဟုဆိုကာ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း အဆိုပါအကျဉ်းသားနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

မတ်လ ၁၇ ရက်နေ့တွင် ထားဝယ်ထောင်၌ အကျဉ်းကျခံနေရသည့် ကိုဝင်းသီဟကို အကြမ်းဖက်မှု သက်သေခံ ပစ္စည်းများ ပြသခိုင်းရန်ဟုဆိုကာ စစ်ကောင်စီတာဝန်ရှိသူက ထောင်ပြင်ပသို့ ခေါ်ထုတ်စစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယင်းသို့စစ်ဆေးစဉ် ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ထောင်တာဝန်ရှိသူများက မိသားစုကို မတ်လ ၂၃ရက် အကြောင်းကြားခဲ့ကြောင်း အကျဉ်းသားနှင့် နီးစပ်သူက ဆိုသည်။

“မိသားစုက အလောင်းတောင် မမြင်ရဘူးလို့သိရတယ်။ သိတဲ့အချိန်မှာ သင်္ဂြိုဟ် ပြီးနေပြီလို့သိရတယ်” ဟု ၎င်းနီးစပ်သူကပြောသည်။

ကိုဝင်းသီဟကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ က ထောင်ဝင်စာ သွားတွေ့စဉ် မိသားစုက နောက်ဆုံး တွေ့ ရခြင်း ဖြစ်ပြီး နောက်တစ်ပတ်ဖြစ်သည့် မတ်လ ၂၀ ရက် ထောင်ဝင်စာ သွားတွေ့ချိန်တွင် မတွေ့ရတော့ကြောင်း အကျဉ်းသား မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ထောင်ပြင်ပ ခေါ်ထုတ်စစ်ဆေးခဲ့သော အကျဉ်းသားမှာ နှစ်ဦးရှိကြောင်း သိရသော်လည်း နောက်တစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကို အသေးစိတ် မသိရသေးပေ။

ကိုဝင်းသီဟကို စစ်ကောင်စီက ၂၀၂၂ ခု ဖေဖော်ဝါရီ လ ၇ ရက် နေ့တွင် ထားဝယ်မြို့ ရှမ်းမလည်ဆွဲ ရပ်ရှိ ဟိုတယ်တစ်လုံးတွင် ဝင် ရောက် ဖမ်းဆီးခဲ့ ခြင်း ဖြစ်သည်။

ကိုဝင်းသီဟမှာ ထောင်ဒဏ် ၇ နှစ် ချ မှတ်ခံထား ရပြီး ပြစ်ဒဏ်ကျခံနေရစဉ် ထောင်ပြင်ပတွင် သေဆုံးခဲ့ရခြင်းသည် တရားမျှတမှု မရှိဟု ခံစားရကြောင်း ဆွေးမျိုးတော်စပ်သူများက ပြောသည်။