ဘင်္ဂလား‌ဒေ့ရှ်နယ်စပ် မောင်တောတွင် စစ်ကောင်စီတပ်သား ၉၀ကျော် လက်နက်ချ

0
487

ဘင်္ဂလား‌ဒေ့ရှ်-မြန်မာနယ်စပ်ရှိ မောင်တောမြို့နယ်၊ တမန်းသားကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၉၀ ကျော် လက်နက်ချကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ြပချက်အရ သိရသည်။

တမန်းသားရွာက စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA က မတ်လ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။

စခန်းတွင် မထွက်ပြေးဘဲ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မတ်လ ၂၅ ရက်က လက်နက်ချခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ြပသည်။

စခန်းမှ ထွက်ပြေးသွားသူများအနက် ၃၀ နီးပါးကို ဖမ်းမိထားကြောင်းလည်း ဆိုသည်။

တမန်းသားရွာနှင့် ၉မိုင်ခန့်အကွာရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်းက AA က တိုက်ခိုက်နေသည်။

ကြိမ်ချောင်းစခန်းကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိပြီဖြစ်ပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် လွန်ခဲ့သည့် သုံးရက်က စတင်ကာ ထိုးစစ်အား အရှိန်အဟုန်မြှင့်တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်းလည်း ဆိုသည်။

ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင်စခန်းကိုမူ မတ်လ ၂၃ ရက်တွင် သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းချို့ သိမ်းဆည်းရမိကြောင်း AA က ထုတ်ပြန်ထားသည်။

ဘင်္ဂလား‌ဒေ့ရှ်-မြန်မာနယ်စပ်ဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် AA က ထိုးစစ်ကို အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။