မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ပုံမှန်ပြန်ပြေးဆွဲ

0
404
ပုံစာ - မတ်လ ၂၅ ရက်နေ့က မော်လမြိုင်ဘူတာမှ ထွက်ခွာသည့် ရထား။

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် မီးရထားခရီးစဉ်များကို မတ်လ ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူးတာကြီးထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ ၁၈ ရက် နံနက်ပိုင်းက ကျောက်တင်ရထား မိုင်းဆွဲခံရပြီး ရထားတွဲဆိုင်း ၇တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့သလို ရထားလမ်း လည်း ပေ ၂၀ ခန့် ပျက်စီးခဲ့သည်။

ရထားလမ်းပိုင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မော်လမြိုင်-ရန်ကုန် အစုန်ရထားခရီးစဉ်နှင့် ရန်ကုန်-မော်လမြိုင် အဆန် ရထားခရီးစဉ်များကို မတ်လ ၁၉ ရက်နေ့ကစပြီး ယာယီဖျက်သိမ်းခဲ့သည်။

ပျက်စီးသွားသည့် ရထားလမ်းပိုင်းကို မတ်လ ၂၃ ရက်နေ့က ပြန်လည်ပြင်ဆင်ပြီးဖြစ်သည့်အတွက် မတ်လ ၂၄ ရက်နေ့တွင် ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲရန် စီစဉ်ပြီးမှ လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ရထားခရီးစဉ်များ ကို ဆက်လက် ဖျက်သိမ်းခဲ့သေးသည်။

ယင်းနောက် မတ်လ ၂၅ ရက်နေ့တွင် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင် ဘူတာကြီးတာဝန်ရှိသူတို့က ပြောသည်။

“ရထားခရီးစဉ်တွေ နေ့စဉ် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမယ်။ လက်မှတ်ကတော့ အထက်တန်း ၃ ရက်ကြို၊ ၂ ရက်ကြို၊ ၁ ရက်ကြိုနဲ့ မော်လမြိုင်ဘူတာရက်ကြို လက်မှတ်ရုံမှာ ရောင်းချပေးသွားမယ်” ဟု အထက်ပါ တာဝန်ရှိသူတို့က ပြောဆို သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ရထားမိုင်းဆွဲခံရသည့်ဖြစ်စဉ်၊

ရထားလမ်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားနေသည့်အပြင် ရန်ကုန်-မော်လမြိုင် ကားလမ်း ပိုင်းရှိ တံတား မိုင်းခွဲဖျက်ဆီးခံရသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။