တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ ကန်ချနဘူရီတွင် ဆက်တိုက် ဖမ်းဆီးခံနေရ

0
515

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိစပ်နေသော ကန်ချနဘူရီခရိုင်အတွင်း တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ဆက်တိုက်ဖမ်းဆီးခံနေရပြီး ယခုရက်ပိုင်းအတွင်း အဖမ်းခံရသူ ၇၇ ဦးရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် မတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဆက်တိုက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၅ ရက်နေ့က စိုက်ပျိုးရေးပစ္စည်းများ သယ်လာသည့် ပစ်ကပ်ကားကို လိုက်လံဖမ်းဆီးရာမှ ကားနောက်ပိုင်း ကင်းဗက်ပိုင်းအတွင်း ပုန်း၍လိုက်လာသော မြန်မာနိုင်ငံသား ၄၄ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။

နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်တို့မှ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ပွဲစားကို ဘတ် ၁၂၀၀၀ မှ ၃၀၀၀၀ အထိ ပေးချေထားပြီးဖြစ်ကြောင်း အာဏာပိုင်များကို ဖြေကြားခဲ့သည်။

မတ်လ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင်လည်း စန်ခရာဘူရီ နောလူဒေသတွင် ကားနောက်ပိုင်းကို ကင်းဗက်ပိုင်းဖြင့် ဖုံးဝင်လာသော ပစ်ကပ်ကားကို စစ်ဆေးခဲ့ရာမှ လှဲအိပ်ပြီးလိုက်ပါလာသော မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သေးသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် အသက် ၂၂ မှ ၃၀ အရွယ် လူငယ်များဖြစ်ကြပြီး ထိုင်းနိုင်ငံအတွင်း ခရိုင်အသီးသီးတွင် အလုပ်လုပ်ကိုင်နိုင်ရန် တစ်ဦးလျှင် ဘတ် ၁၀၀၀ နှုန်းဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကားသမားက ဝန်ခံထားသည်။

ယင်းအပြင် စံခလဘူရီခရိုင်အတွင်း ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကိုလည်း ဆက်တိုက်ဖမ်းဆီးရမိနေကြာင်း ဖမ်းဆီးထားသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် စံခလဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်များ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု များပြားလာသဖြင့် နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်ထားရန် ထိုင်းရဲတပ်ဖွဲ့ကလည်း ညွှန်ကြားထားသည်။

Ref: ข่าวภูมิภาคกาญจนบุรี