ရေး-သံဖြူဇရပ်လမ်းပေါ် ခံသင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

0
554
ပုံစာ - ပစ်ခတ်မှုကြောင့် မသွားရဲသဖြင့် စုံနံ့သာရွာအနီးတွင် ကားများ ရပ်တန့်ထားသည်ကို ယနေ့ မတ်လ ၂၅ ရက် နံနက်ပိုင်းက တွေ့ရစဉ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း စုံနံ့သာရွာနှင့် နှင်းစုံကျေးရွာကြား ခံသင်းတံတားရှိ စစ်ကောင်စီ တပ်ဖွဲ့ ယနေ့ နံနက် ၆ နာရီခန့်က တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ခံသင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်တို့ကို တော်လှန်ရေး ပူးပေါင်း တပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ တစ်နာရီကျော်ကြာ ဖြစ်ပွားကြောင်း ‌ဒေသခံတို့က ဆိုသည်။

“မနက် ၆ နာရီလောက်က သေနတ်သံ စကြားတယ်။ ပစ်တာ တော်တော်ကြာတယ်။ တစ်နာရီလောက်ရှိမယ် ပစ်နေတာ။ လမ်းမှာဖြစ်နေတော့ ကားတွေလည်း မသွားရဲဘူး။ ဖြစ်တာက အဲဒီခံသင်းတံတားမှာဖြစ်တာ။ ထိတာ ဘာညာတော့ မသိဘူး” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ခံသင်းတံတားပစ်ခတ်မှုအတွင်း အနီးအနားရှိ မော့ကနင်း စစ်ကောင်စီတပ်စခန်းနှင့် အာယုတောင်ရှိ စစ်ကောင်စီတပ်စခန်းတို့က လက်နက်ကြီးဖြင့် ပစ်ကူပေးကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ခံသင်းတံတားရှိ စစ်ကောင်စီတပ်စခန်းကို ၎င်းတို့အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက် ငါး ဦး သေဆုံးပြီး ၎င်းတို့အဖွဲ့ဘက်က နှစ် ဦး သေဆုံးကာ နှစ် ဦး မစိုးရိမ်ရဒဏ်ရာ ရရှိသွားကြောင်းလည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်ကားလမ်း စုံနံသာကျေးရွာအနီးတွင် ကားများ ပိတ်မိခဲ့ပြီး နံနက် ၁၀ နာရီ နောက်ပိုင်းမှသာ ကားများ ပုံမှန်သွားလာနိုင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ခံသင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ရေးဘီလူးအဖွဲ့အနေဖြင့် စစ်ဆင်ရေး အကောင်အထည်ဖော်တော့မည်ဖြစ်သည့်အတွက် အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲများဖြစ်လာနိုင်သောကြောင့် ပြည်သူများ အသွားအလာ သတိပြုကြရန် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ရေးဘီလူးအဖွဲ့သည် စစ်ဆင်ရေးအဖွင့်အနေဖြင့် မတ်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းက ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒုတိယအနေဖြင့် ခံသင်းတံတား ကို ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သည်။