ဘင်္ဂလား‌ဒေ့ရှ်-မြန်မာနယ်စပ် မြို့နယ်နှစ်ခုတွင် AA စစ်ရေးအရှိန်မြှင့်

0
602
ပုံစာ - ရသေ့တောင်မြို့ကို မတ်လ ၁၅ရက်တွင် သိမ်းယူပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းတို့ကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၂) တပ်ရင်းတစ်ခုလုံးကို သိမ်းယူနိုင်ရေး အတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေကြောင်း မတ်လ ၂၄ရက်က သတင်းထုတ်ပြန်ရာတွင် ဖော်ြပသည်။

မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်း ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေခဲ့သည်မှာ တစ်လနီးပါးခန့်ရှိပြီဖြစ်ကြောင်း ဆိုသည်။

ကြိမ်ချောင်းစခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် လွန်ခဲ့သည့် နှစ်ရက်က ထိုးစစ်အား အရှိန်အဟုန်မြှင့်တိုက်ခိုက်နေပြီး ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ကြိမ်ချောင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းအား မတ်လ ၂၃ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းချို့ သိမ်းဆည်းရမိကြောင်း AA က ဆိုသည်။

မောင်တောမြို့နယ် တမန်းသား စခန်းကို တိုက်ခိုက်နေပြီး စခန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဖော်ြပသည်။

ဂုပ္ပီစခန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကိုလည်း ရှင်းလင်းခဲ့ပြီး ထွက်ပြေးနေသူများကို ဆက်လက် တိုက်ခိုက်ရှင်းလင်းနေကြောင်းလည်း AA က ဆိုသည်။