အဓမ္မစစ်မှုထမ်းဂယက်ကြားက မိဘများ

0
515

စစ်အာဏာသိမ်းပြီးချိန်မှစကာ ပြည်သူလူထု၏ မုန်းတီးမှုကို ရရှိနေသည့် စစ်ကောင်စီတပ်မှာ အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လာမှုကြောင့် လူထုက ပိုမိုမုန်းတီးလာနေသည်။

စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ တော်လှန်နေသူများတွင် လက်နက်စွဲကိုင် တွန်းလှန်သူများရှိသလို အကြမ်းမဖက်လမ်းစဉ်ဖြင့် တွန်းလှန်နေသူများလည်း ရှိနေသည်။

သို့သော် စစ်ကောင်စီက ပြဌာန်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေနှင့် အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်လာမှုတို့မှာ လူငယ်များကို လက်နက်ကိုင် လမ်းစဉ်သို့လိုက်ပါရန် တွန်းအားပေးလိုက်သည့် သဘောဖြစ်လာနေသည်။

ယင်းသို့ပင် တော်လှန်ရေးအစက ဖြစ်ပွားခဲ့သည့် ဒလန်ရှင်းလင်းရေးလုပ်ငန်းစဉ်မှာလည်း လူထုထောက်ခံမှု နည်းပါးလာခြင်း၊ ဝေဖန်ကန့်ကွက်မှုများရှိလာခြင်းတို့ကြောင့် လျော့နည်းလာချိန်တွင် အဓမ္မ စစ်မှုထမ်းရန် လုပ်ဆောင်လာမှုက ဒလန်ရှင်းလင်းရေး ပြန်လည်ဖြစ်ပေါ်လာစေရန် တွန်းအားပေးသလိုဖြစ်နေသည်။

စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်မှုမှာ ကောင်းကျိုးထက် ဆိုးကျိုးများ ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပြီး သတ်ဖြတ်မှုများနှင့် လက်နက်ကိုင် ယဉ်ကျေးမှုကို ကြီးထွားလာစေရန် လုပ်ဆောင်နေသကဲ့သို့ ရှိနေသည်။

အဓမ္မစစ်မှုထမ်းစေရန် လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဂယက်များမှာ ကောင်းကျိုးမရှိဘဲ ဆိုးကျိုးသက်ရောက်မှုများသာ ဖြစ်ပေါ်လာနိုင်သည်။

ယင်းအခြေအနေများကြားတွင် မိဘများမှာ သားသမီးများကို စိုးရိမ်ပူပန်မှုများစွာ ဖြစ်ပေါ်နေရသည်။

စစ်ကောင်စီလက်အောက် စစ်မှုမထမ်းစေချင်သလို၊ ဆိုးကျိုးသက်ရောက်မှုများရှိမည့် အနာဂတ်တွင် သားသမီးများ ရှင်သန်ရေးစိတ်ပူသူများလည်း ရှိနေသည်။

ယင်းကြောင့် မိဘများ၏သောကကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။

“(စစ်မှုမထမ်းလို့ မိဘကို)လာခေါ်ရင်လည်း လိုက်သွားရုံပါပဲ။ ရွေးစရာလမ်းမှမရှိတာ”

ကလေးနှစ်ယောက်မိခင် (ရေဖြူမြို့နယ်)

DW။ အခု စစ်မှုထမ်းဖို့ ခေါ်နေတဲအပေါ် ကိုယ့်သား၊သမီးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုစိုးရိမ် မှုရှိလဲ။

ဖြေ။ ဘယ်လို လုပ်ရမလဲ သွားဖို့နေရာလည်းမရှိဘူး။ စဉ်းစားလို့ကိုမတတ်တော့ဘူး။ ပြည်ပထွက်မယ်ဆိုတော့လည်း ငွေကမရှိ။ သားကိုယ်တိုင်ကလည်း စိတ်ပူနေတယ်။

DW။ ဒါဆိုရင်ဘယ်လို ရင်ဆိုင်မယ်လို့ စိတ်ကူးထားလဲ။

ဖြေ။ သူများတော့ ပြောတာပဲ အမေတစ်ယောက် သားတစ်ယောက် ဆိုရင်မပါဘူးဆိုပြီး။ ကျန်တစ်ယောက်က ကျောင်းသားဆိုတော့ ဒါပေမဲ့ အကောင်းဆုံးတော့ သားကတော့ ပြောတယ် သူဘာသူလွတ်ရာ ထွက်ပြေးမယ်ဆိုပြီးတော့လေ။

DW။ အဲဒီလို ထွက်ပြေးသွားရင် ကျန်ရစ်တဲ့မိသားစုကို ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီး သတင်းတွေထွက်နေတာ့ ဘာဖြစ်နိုင်မယ်ထင်လဲ။

ဖြေ။ ပြောမတတ်တော့ဘူး။ ဘယ်လိုလုပ်ရမလဲ။ သူများနိုင်ငံကလွဲပြီး ကိုယ့်နိုင်ငံမှာ ပုန်းခိုဖို့လွယ်ပါ့မလား။ သားကတော့ ပြောတယ် သူလွတ်အောင် ပြေးမယ်။ မေတို့အဆင်ပြေအောင်နေကြလို့ ပြောတယ်။သူများနိုင်ငံသွားဖို့ကျတော့ ကိုယ်မှာလည်းအဆင်မှ မပြေတာ။သူ့ကိုတော့မှာထားတယ်။ တကယ်လို့သာ သားကြောင့် အမေတို့ဖမ်းတာ၊ဆီးတာခံရရင် ဘယ်တော့မှ နောက်ကြောင်းပြန်မလှည်ပါနဲ့လို့။ ကိုယ်ဘာအပြစ်မှ လုပ်ထားတာမဟုတ်တာ။ လာခေါ် ရင်လည်း လိုက်သွားရုံပါပဲ။ ရွေးစရာလမ်းမှမရှိတာ။

DW။ ဒီအပေါ်မှာရော မိခင်တစ်ယောက်အနေ နဲ့ ဘယ်လိုခံစားနေရလဲ။

ဖြေ။ စိတ်သောကရောက်တာပေါ့။ သားနှစ်ယောက် ရှိတာ နှစ်ယောက်စလုံးအတွက် ပူနေရတယ်။ သားငယ်အတွက် ပိုစိတ်ပူတယ်။ ကျောင်းသားဆိုပေမယ့်လမ်းခရီးတွေမှာ ဆွဲတာပြုတာရှိရင် ဘယ်မှာသွားရှာမလဲ။ ကျွန်တော်ကျောင်းသားပါလို့ ပြောရင်လည်း သူတို့ယုံမလား။ လူကောင်ကလဲထွားတော့ သူကိုပဲ ကြည့်နေရတယ်။ ဘယ်လဲ ပေးမသွားရဘူး။ စိတ်ရှုပ်တာပဲသိတော့တယ် ။

“ဒီ( အဓမ္မစစ်မှုထမ်း)ဂယက်ကြီးက လူတိုင်းစိတ်ပူနေကြရတယ်။ သားရှိတဲ့အိမ်တွေကတော့”

ဖခင်တစ်ဦး (ထားဝယ် မြို့ခံ)

DW။ စစ်မှုထမ်းဆင့်ခေါ်နေတာနဲ့ ပတ်သက်ပြီး မိဘတစ်ယောက်အနေနဲ့ အခုချိန် ဘယ်လိုမျိုးဖြစ်နေလဲ။

ဖြေ။ ဘယ်လိုမျိုးလဲဆို အစက‌တော့ အဲလောက်မဟုတ်ဘူး။ မနေ့က (မတ်လ ၁၅ ရက်) ကျွန်တော်တို့ရပ်ကွက်က ကလေးနှစ်ယောက်အိမ်ကို (စစ်မှုထမ်းဆင့်ခေါ်စာ) စာလာပို့တော့ လူကလန့်သလိုဖြစ်သွားတယ်။ ဟာငါ့မှာလည်းသားတွေနဲ့ ငါ့အလှည့်ကျရင် ဆိုပြီးတွေးမိသွားတာအဲ့အချိန်က။ ပြောရမယ်ဆိုရင်တော့ ဒီဂယက်ကြီးက လူတိုင်းစိတ်ပူနေကြရတယ် သားရှိတဲ့အိမ်တွေကတော့။

DW။ အဲတော့ ရှေ့ဆက်ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။

ဖြေ။ အခုလောလောဆယ်တော့ သားနှစ်ယောက်ကို ‌ဒီမှာမနေနဲ့တော့ဆိုပြီး ပြောင်းခိုင်းထားတယ်။ …. မြို့မှာပဲနေပြီး အဲမှာပဲ သင်တန်းတက်နေ။ ဒီကနေ ပိုက်ဆံပို့ပေးနေမယ် လောလောဆယ်။ ပြီးရင် အဲမှာအလုပ်ရှာဆိုပြီးတော့။ ဒီမှာနေတုန်းကတော့ သင်တန်းတက် အားရင် အလုပ်ဝင်လုပ် ဒီမှာက ကျွန်‌တော့်အလုပ်မဟုတ်ရင် သူ့မေအလုပ်ဝင်လုပ်နေတယ်ဆိုတော့ ပညာသင်နေရတယ်။ အိမ်ကလည်း လူမငှားရတော့ဘူး။ အခုတော့ ကသောင်းကနင်တော့ဖြစ်သွားတယ်ပေါ့။

DW။ စစ်မှုထမ်းစာရင်းထဲမှာ ကိုယ့်သားတွေမပါသေးဘဲ ဘာလို့လွှတ်လိုက်တာလဲ။

ဖြေ။ မိဘဆိုတော့လည်း စိတ်ပူတာပေါ့လေ။ အခုမပါလည်း နောက်ပါချင်ပါနိုင်သေးတာပဲ။ အခုတစ်ခါနဲ့ပြီးသွားမယ်မှမဟုတ်တာ။ သူ့အမေကလည်း ဒီမှာဆို သူစိတ်မချဘူး။ စိတ်ပူရရင်းနဲ့ သေသွားလိမ့်မယ်ပဲပြောနေတော့ အေးအဲဆိုလည်း သွားကြတာပေါ့ဆိုပြီး ဘာမှစီစဉ်မရှိဘဲ ကမန်းကတန်းကားနဲ့ထည့်လိုက်တာပဲ။ အဝတ်အစားတွေတောင်မှ အခုမှပို့လိုက်မလို့လုပ်နေတာ။

DW။ သားတွေလက်ရှိနေတဲ့မြို့မှာဆိုရင်ရော စိတ်ချရပြီလား။ ဘယ်လိုထင်လဲ။

ဖြေ။ စိတ်ကတော့ ဒုံးဒုံးမချရသေးဘူးပေါ့။ ဒီမှာထက်တော့ စိတ်အေးရမယ်ထင်ပြီး ပို့လိုက်တာပဲ။ ဒီထက်ပိုဆိုးလာမယ်ဆိုရင်တော့ မိသားစုလိုက် ထိုင်းထွက်မယ် စိတ်ကူးထားတယ်။

DW။ ကိုယ့်ပတ်ဝန်းကျင်မှာရော စစ်မှုထမ်းဖို့ကိစ္စနဲ့ပတ်သက်ပြီး ဘာတွေကြားရတာရှိလဲ။

ဖြေ။ ကြားရတာကတော့ မျိုးစုံပဲပေါ့။ လူငယ်တွေဆိုလည်း ပြေးသွားရတယ်။ အိမ်ကိုစိတ်ပူနေကြတာပဲသူတို့လည်း။ ကျွန်တော်တို့ရပ်ကွက်ထဲက ကောင်လေးဆိုဗျာ သူ့အမေနဲ့နှစ်ယောက်တည်းနေတာ။ သူ့အမေကလည်းနေမကောင်းဘူး။ အခုဆိုသူလည်း ဘာလုပ်လုပ် လုပ်ရမှန်းလည်းမသိဘူး။ သူ့အမေကတော့ ပြေးခိုင်းတယ်။ သူ့ကိုထားရစ်ပေါ့။ ဆွေမျိုးတွေကြည့်လိမ့်မယ်ပေါ့ဗျာ။ မြင်ရ ကြားရတာ စိတ်ချမ်းသာစရာကိုမရှိပါဘူး။

DW။ ကျေးဇူးတင်ပါတယ်။

“စိုးရိမ်တာကတော့ အချိန်တိုင်းစိုးရိမ်နေရတယ်။ မစိုးရိမ်ရတဲ့ အချိန်ကိုမရှိဘူး”

စစ်မှုထမ်းရန်အသက်ပြည့်နေသည့် သမီးနှစ်ဦး၏မိခင် (ထားဝယ်မြို့ခံ)

DW။ စစ်မှုထမ်းဖို့ အသက်ပြည့်နေတဲ့ သားသမီး ဘယ်နှစ်ယောက်ရှိလဲ။

ဖြေ ။ သားသမီး ၄ ယောက်ရှိတယ်။ စစ်မှုထမ်းဖို့ အသက်မီနေတာက သမီး ၂ ယောက်။ တစ်ယောက်က နိုင်ငံရေးပုဒ်မနဲ့ထောင်ထဲမှာ။ အသက်မမီတဲ့ ၂ ယောက်ကလည်း အခုက အသက် ၄ဝ လောက်အထိခေါ်မယ်လို့ ကြားနေရတော့ စိတ်ပူနေရတယ်။

DW။ သားသမီးတွေအပေါ် ဘယ်လိုစိုးရိမ်ချက်ရှိလဲ။

ဖြေ။ စိုးရိမ်တာကတော့ အချိန်တိုင်းစိုးရိမ်နေရတယ်။ မစိုးရိမ်ရတဲ့ အချိန်ကိုမရှိဘူး။ ပြောပြလို့ရမယ့် ခံစားချက်မျိုးမဟုတ်ဘူး။

DW။ သားသမီးတွေအတွက် ဘယ်လိုပြင်ဆင်မှုတွေ ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ ပြင်ဆင်ထားတာကတော့ ကိုယ့်အစီအစဥ်နဲ့ကိုယ်ရှိတာပေါ့။ ဘယ်လိုရင်ဆိုင်မလဲပေါ့ ။ အဆုံးအစွန်အထိတော့ မတွေးထားရသေးဘူး။

DW။ ဘာများဖြည့်စွက် ပြောကြားချင်သေးလဲ။

ဖြေ ။ ကိုယ့်ဟာကိုယ် ပြန်စဥ်းစားထားတာတော့ရှိတယ်။ သူတို့(စစ်ကောင်စီ) လုပ်တဲ့ဟာတွေက အဖျားရှူးသွားတာများတယ်လေ။ ကိုဗစ်ဆေးထိုးကတ်ပြားကိစ္စ၊ ရပ်ကွက်ထောက်ခံစာကိစ္စတွေလည်း ပျောက်သွားတာပဲ။ ကောက်ရိုးမီးလို ခဏလောက်ဆူသွားတယ်။ အခုလည်း အဲလိုဖြစ်သွားရင်ကောင်းမယ်။ အကောင်အထည်ဖော်တာ မအောင်မြင်ဘဲနဲ့လေ။ ပြီးတော့ ဆင့်ခေါ်ခံနေရတဲ့လူတွေကိုလည်း ခေါ်တဲ့အတိုင်း သွားစရာမလိုအောင် ဘယ်လိုပြန်ချေပမလဲဆိုတာ စဥ်းစားထားဖို့ တိုက်တွန်းချင်တယ်။

“မဲကျတဲ့အိမ်ကတော့ အရူးမီးဝိုင်းဖြစ်နေကြတယ်”

ဖခင်တစ်ဦး (ကော့သောင်းမြို့)

DW။ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး စိုးရိမ်နေရတာရှိရင် ပြောပြပေးပါ။

ဖြေ။ စိုးရိမ်တာကတော့ အစကတော့ တအားစိုးရိမ်ပဲ။ အခုတော့ ကိုယ့်အိမ်က မဲမကျတော့ စိတ်သက်သာရာရနေတယ်ပေါ့။ မဲကျတဲ့အိမ်ကတော့ အရူးမီးဝိုင်းဖြစ်နေကြတယ်။

DW။ ဒီတစ်ကြိမ်မဲမကျ‌ဘူးဆိုတော့ စိတ်အေးရပြီလား။ ဘယ်လိုထင်လဲ။

ဖြေ။ အခုလောလောဆယ်တော့ စိတ်အေးနေရပြီပေါ့။ နောက်ထပ်တော့ စိတ်ပူနေသေးတယ်။ နောက်တစ်ခါဆို ကိုယ့်အလှည့်ဖြစ်ချင်ဖြစ်သွားနိုင်တယ်လေ။ ကျွန်တော်ကတော့ အစကတည်းက ‌ပြောထားပီးသား ဘယ်နည်းနဲ့မှ ကျွန်တော်သားတွေကို သူတို့( စစ်ကောင်စီတပ်) လက်ထဲ မထည့်နိုင်ဘူးလို့။ ဖြစ်လာရင် ပြေးခိုင်းမှာ။ ရနောင်းနဲ့ ကော့သောင်းက နီးနီးလေးပဲကို။ အခုလည်း သူများတွေပြေးကုန်ကြတာရနေတာပဲ။

DW။ ဒါဆိုရင် နောက်တစ်ကြိမ်ထပ်ခေါ်ရင် ဘယ်လိုရင်ဆိုင်မလဲ။ အဲဒီအတွက် ဘယ်လိုစိုးရိမ်နေတာမျိုးရှိလဲ။

ဖြေ။ ကျွန်တော်စိုးရိမ်တာက နောက်တစ်ခါဆိုတာထက်ပေါ့ အခုက လူတွေပြေးကုန်ပြီဆိုတော့ မပြေးဘဲကျန်နေတဲ့သူတွေကို လာဆွဲထည့်မှာ ပိုပြီးစိတ်ပူတယ်။ ဘာဖြစ်လို့ဆို ကျွန်တော်တို့ကော့သောင်းမှာက မဲကျတဲ့သူတွေက အိမ်မှာမရှိတာကများတယ်။ မရှိရင် ရှိတဲ့သူခေါ်မှာမျိုး ဖြစ်လာမလား အဲဒါတစ်ခုတော့ရှိတယ်။

DW။ အဲဒီအတွက် ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ။ အခုထိတော့ ပြင်ဆင်ထားတာမရှိဘူးပဲပြောရမယ်။ အခြေအနေစောင့်ကြည့်နေတယ်ပေါ့။ သတိနဲ့နေတာပေါ့။

DW။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကရော စစ်မှုထမ်းတာနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာရှိလား။

ဖြေ။ ဒီအချိန်မှာ အားလုံးကတော့ စိတ်ပူနေကြတာပေါ့ မိဘတိုင်းက။ ကော့သောင်းမှာက ဘာတစ်ခုရှိလဲဆို ကိုယ့်မှာဖြစ်နေတာ သူများကို မပြောပြရဲကြဘူး။ စစ်တပ်က စောင့်ကြည့်ခိုင်းထားတဲ့သူတွေရှိတယ်။ ရပ်ကွက်တွေထဲမှာ။ ဆေးသမားတွေကိုပေါ့။ အဲလိုမျိုးတော့ရှိတယ်။

“နောက်ဆုံးက လူငယ်တွေကို စစ်ပွဲထဲဆွဲသွင်းလိုက်ကြတာပဲ”

ဂျပန်သွားရန်ပြင်နေသည့် လူငယ်တစ်ဦး၏ ဖခင် (ရေဖြူမြို့နယ်)

DW။ စစ်မှုထမ်းဥပဒေ အတည်ပြုတဲ့သတင်း စကြားရတဲ့ စိတ်ခံစားချက်က ဘယ်လိုရှိလဲ။

ဖြေ။ ကြားကြားချင်းကတော့ ကိုယ့်မှာ အရွယ်ရောက်ပြီးသား သားတစ်ယောက်ရှိတော့ စိုးရိမ်မှုကတော့ ပြောစရာမလိုဘူး။ အခုခေတ် အခုကာလမှာ မဖြစ်သင့်တဲ့ကိစ္စ။ သူတို့(စစ်ကောင်စီ) အဲလိုလုပ်လိုက်မယ်လို့ မထင်ထားခဲ့ဘူး။ လက်ရှိက စစ်တပ်နဲ့ တော်လှန်ရေးအုပ်စု(ပြည်တွင်းစစ်) ဖြစ်နေတဲ့ကိစ္စလေ။ ပြည်ပနဲ့နိုင်ငံတကာနဲ့ စစ်ဖြစ်နေရင်တော့ မိဘက သားသမီးကိုထည့်ပေးရမှာ။ ကိုယ်ကိုယ်တိုင်တောင် ပါဝင်ပေးရမှာ။ နိုင်ငံ့တာဝန်ကိုး ။ အခုချိန်မှာကတော့ လူငယ်တွေ သူတို့အနာဂတ်သူတို့တည်ဆောက်ရမယ်။ သူတို့အနာဂတ်ဆိုတာကလည်း တိုင်းပြည်အတွက်ပဲလေ။ အခုကတော့ လူငယ်တွေရဲ့ အနာဂတ်ရိုက်ချိုးလိုက်သလိုပေါ့ ။ စမ်းတဝါးဝါးဖြစ်သွားကြတယ်။

DW။ နိုင်ငံခြားထွက်ဖို့ပြင်ဆင်နေတဲ့ သားအပေါ်မှာရော ဘယ်လိုစိုးရိမ်မှုရှိသလဲ။

ဖြေ ။ ပိုပြီးစိုးရိမ်ရတာပေါ့။ ဘယ်လိုပြောမလဲ ရှင်းရှင်းပြောမယ်ဆိုရင် သူတို့ထွက်ခွင့်ပြုမှထွက်ရမယ့် အခြေအနေမှာရှိတယ်။ ကိုယ်က တရားဝင်ထွက်မယ့်လူ ဖြစ်နေတော့ သူတို့လက်ထဲရောက်နေတာပေါ့။ သူတို့ပေးထွက်ချင်ပေးထွက်မယ်။ မပေးထွက်ချင် မပေးထွက်ဘူးပေါ့။

DW။ တကယ်လို့ နိုင်ငံခြားထွက်ဖို့ ကန့်သတ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဖြေ။ သားအတွက် စဥ်စားထားတာကတော့အများကြီးရှိတယ်။ ဒါပေမဲ့ ကိုယ့်သားကတော့ စိတ်ပူနေတယ်။ အတင်းအကြပ်ဖြစ်လာရင်တော့ တခုခုတော့ဆုံးဖြတ်ရမှာပေါ့ ။

DW။ ရေဖြူမြို့နယ်ထဲက အချို့ကျေးရွာတွေမှာ ဆင့်ခေါ်စာတွေပို့နေပြီ။ အဲဒီအပေါ်မှာရော ဘယ်လိုစိုးရိမ်မှုရှိသလဲ။

ဖြေ။ အခုထိတော့ကိုယ့်ရပ်ရွာမှာလာမလုပ်သေးဘူး။ လာလုပ်ခဲ့ရင် ဘယ်လိုပြန်တုံ့ပြန်ရမလဲဆိုတာ ကိုယ့်အတွေးထဲမှာတော့ ရှိတယ်။ အသာတကြည်ကတော့ ကိုယ့်သားသမီးကို ထည့်ပေးလိုက်မှာမဟုတ်ဘူး။ ကြည်ဖြူလို့ ၊ ကြောက်လို့၊ မိဘထိခိုက်မှာစိုးရိမ်လို့ ထည့်ပေးလိုက်ဖို့ အစီအစဥ်မရှိဘူး။

DW။ အခုရပ်ရွာအနေအထားမှာ လူငယ်တွေရဲ့အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ အခုအလှူပွဲ၊ မင်္ဂလာဆောင်တွေလုပ်တယ် အပျို၊ လူပျို လူငယ်တွေမမြင်ရဘူး။ အိမ်ထောင်သည်တွေက စားပွဲထိုး ၊ ဧည့်ခံနေရတယ်။ နောင်ခါလာနောင်ခါရှင်း ဆိုပြီး နေကြတဲ့လူငယ်တွေတော့ ကျန်သေးတယ်။

DW။ ဘာဖြည့်ပြောချင်သေးလဲ။

ဖြေ။ ရှင်းရှင်းပြောမယ်ဆိုရင် စစ်တပ်ထဲမဝင်ချင်ရင် PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဆီ ဝင်ရမယ်။ နောက်ဆုံးက လူငယ်တွေကို စစ်ပွဲထဲဆွဲသွင်းလိုက်ကြတာပဲ။ ဒီနိုင်ငံရဲ့အခြေအနေက နောင်အထိ အလားအလာမကောင်းဘူး ။ သူအင်အားကောင်း ၊ ငါအင်အားကောင်းနဲ့ စစ်တိုက်စားကြတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးစကားကို ဘယ်သူကမှစကားမဟကြဘူး။ အခုစစ်မှုထမ်းခိုင်းတာဟာ လက်နက်ပြိုင်ကိုင်ခိုင်းတာပဲ။ အဲဒီပြိုင်ဆိုင်မှုထဲမှာ ကိုယ့်သားသမီးကိုမပါစေချင်ဘူး။ သတ်ဖို့ဖြတ်ဖို့ဝါသနာလည်းမရှိဘူး။ မျိုးရိုးလည်းမရှိဘူး။

DW။ ကျေးဇူးတင်ပါတယ်။