မြိတ်တွင် အုန်းပင်လှဲရာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံး

0
561
Photo - Hain Zin Aung

မြိတ်မြို့တွင် အုန်းပင်လှဲရာမှ အပင်ပိမိပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြိတ်မြို့ခံများထံမှသိရသည်။

မတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်တန်းရပ် အေးချမ်းဖြူစင်လမ်းတွင် အုန်းပင်လှဲရာမှ နေအိမ်ပေါ်သို့ အုန်းပင်ပိသွားပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးသေဆုံးခဲ့ခြင်းဖြစ်သည်။

“အုန်းပင်က အိမ်နဲ့ကပ်လျက်ဆိုတော့ သေသူရဲ့ အဘိုးက သွားပြောသေးတယ်။ အုန်းပင်ခုတ်သူ က ဒီအလုပ်လုပ်စားနေတာ ဘာမှမဖြစ်ဘူးဆိုပြီး ခုတ်တာ ကြိုးဆွဲတဲ့ဘက်ကို အုန်းပင်က မလဲဘဲနဲ့ နေအိမ် အလယ်တည့်တည့်ကို လဲကျသွားတာ”ဟု မြိတ်မြို့ခံတစ်ဦး ကပြောသည်။

နေအိမ်ပေါ် အပင်လာပိသည့်အချိန်တွင် အိမ်ပေါ်၌ သေဆုံးသူမိန်းကလေးနှင့်အတူ မိခင်ဖြစ်သူတို့ရှိနေကြောင်း၊ အုန်းပင်ပိသဖြင့် နေအိမ်ပြိုကျပြီး မိန်းကလေးတွင် ဒဏ်ရာပြင်းထန်းစွာရသွားကြောင်း သိရသည်။

ဒဏ်ရာရနေသည့် မိန်းကလေးကို ပုလဲ သွေးနှင့် ကျန်းမာရေးပရဟိတအသင်း၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် မြိတ်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း အပင်ပိမိသည့် ဒဏ်ရာကြောင့် ဆေးရုံတွင် သေဆုံးသွားကြောင်းသိရသည်။