တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
716

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ

မြို့နယ် ၁၇၀ကျော်မှာ စစ်မှုထမ်းခေါ်ဖို့လုပ်နေ

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို မြို့နယ် ၁၇၀ ကျော်မှာ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ လုပ်နေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်ပါတယ်။

နည်းပဒေ မထုတ်ပြန်သေးဘဲ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဖို့ စာရင်းကောက်ယူတာ၊ မဲနှိုက်ရွေးချယ်တာ၊ စစ်မှုထမ်း အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တာတွေ စတင်လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

လူဦးရေများတဲ့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ နေပြည်တော်က မြို့နယ်အများစုနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေ မှာလည်း စတင်အကောင်အထည်ဖော်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာလည်း မြို့ပေါ်ရပ်ကွက်တွေနဲ့ နီးစပ်ရာ ကျေးရွာတွေကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းစာရင်းကောက်လို့ မြို့နယ်တချို့မှာ စစ်ကောင်စီ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာတွေရှိနေ သလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တာ၊ စာရင်းကောက်ဖို့ငြင်းဆိုတာတွေလည်း ရှိနေပါတယ်။

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ရေတွင်းချောင်းရွာမှာဆိုရင် စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရတဲ့ လူငယ်တစ်ဦး အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။ စစ်မှုထမ်းခေါ်ဆောင်ဖို့ မှတ်ပုံတင်ခိုင်းတာ၊ မဲနှိုက်ရွေးချယ် တာတွေကြောင့် လူငယ်တွေ ပြည်ပကို ထွက်ခွာမှုလည်း မြင့်တက်နေပါတယ်။

……………………………………..

တစ်လေလုံး စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ကရင်နီတော်လှန်ရေးဖွဲ့တွေသိမ်းယူ

တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကာလအတွင်း ကရင်နီ (ကယား) ပြည်နယ်မှာ မြို့ခုနစ်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက်မှာ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ ၊ နန်းဖယ်ခုံ စတဲ့ မြို့တွေကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့တာလို့ မတ်လ ၂၃ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ။

ဒါ့အပြင် စစ်ကောင်စီတပ်စခန်း ၆၅ ခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ် စခန်းစွန့်သွားတာ ၁၆ ခုရှိတယ်လို့ ဆိုပါတယ်။

တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုမိုးနယ်မြေတွေ ပိုမိုကျယ်ပြန့်လာပြီး ကရင်နီပြည်တဝန်းလုံးကို စိုးမိုးတပ်ဖြန့်လာနိုင်တယ်လို့ တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ကတော့ သူတို့တပ်တွေ တည်ရှိတဲ့ နေရာ အနည်းငယ်ကိုပဲ နယ်မြေစိုးမိုးနိုင်တော့တယ်လို့ ဖော်ပြပါတယ်။

……………………………………..

စစ်ဘေးရှောင် ၂၈ သိန်းကျော်ရှိလာပြီ

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၂၈ သိန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေးနဲ့ ကနီမြို့နယ်၊ ရှမ်းတောင်ပိုင်းက ပင်လောင်းမြို့နယ်၊ ကရင်နဲ့ တနင်္သာရီတိုင်းတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ထပ်တိုးလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာလည်း ၁၇ မြို့နယ်ရှိတဲ့ အထဲက ၁၅ မြို့နယ်မှာ ပြည်သူတွေ တိုက်ပွဲဒဏ်ခံနေရတယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရတာတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဆက်လက် မြင့်မား နေတယ်လို့ UNOCHA က ဆိုပါတယ်။

ပအိုဝ်း လူငယ်များအစည်းအရုံး PYO ရဲ့ မတ်လ ၁၉ရက် ထုတ်ပြန်ချက်အရ ရှမ်းတောင်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် တစ်သိန်းကျော်ရှိလာပြီလို့ ဖော်ပြပါတယ်။ ဒါ့အပြင် အရပ်သား ၅၀နီးပါး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။

……………………………………..

ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ပိတ်ပင်လာ

စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာပြီးနောက်မှာ စစ်ကောင်စီက ခရီးသွားလာခွင့်တွေကိုလည်း ပိတ်ပင်ကန့်သတ်တာတွေ လုပ်ဆောင်လာပါတယ်။

တိုင်းနဲ့ ပြည်နယ်တချို့မှာ အဝေးပြေးယာဉ်လိုင်းတွေက လက်မှတ်ရောင်းချတဲ့အခါ မှတ်ပုံတင်အပြင် ရက်ကွက်၊ ကျေးရွာ၊ ရဲစခန်း ခရီးသွားထောက်ခံစာတွေပါမှ လက်မှတ်ရေးဖို့ ညွှန်ကြားတာတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ် ၁၁/ မှတ်ပုံတင် ကိုင်ဆောင်သူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာတွေ လုပ်ဆောင်နေတယ်လို့ ပြည်တွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။ ရခိုင်ကို လေကြောင်းနဲ့ သွားဖို့ လုပ်ရာကနေ လေဆိပ်မှာ အဖမ်းခံရတာတွေ ရှိနေသလို ကားနဲ့ သွားဖို့ လုပ်တဲ့သူတွေ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။

……………………………………..

ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံဆွဲသူမရှိ

မြန်မာ့ဒီမိုကရေစီအ‌ပြောင်းအလဲမှာ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံအမှတ် (၅၄) ကို လေလံတင်ရောင်းချပေမယ့် လေလံဆွဲသူမရှိတာကြောင့် လေလံပွဲ မအောင်မြင်ခဲ့ပါဘူး။

ခြံအမှတ် (၅၄) ကို ကျပ် ၃၁၅ ဘီလီယံကြမ်းခင်းစျေးသတ်မှတ်ပြီး မတ်လ ၂၀ ရက်နေ့က နေအိမ်ခြံဝင်းအတွင်းမှာ ကမာရွတ်ခရိုင်တရားရုံက လေလံတင်ခဲ့တာပါ။ ဒါပေမယ့် လေလံဆွဲမယ့်သူ မရှိတာ‌ကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ လေလံပွဲ မအောင်မြင်‌ကြောင်း ‌ကြေညာခဲ့ရပါတယ်။

လေလံပွဲမအောင်မြင်တာကြောင့် နောက်တစ်ကြိမ်လေလံတင်မယ့်ရက်ကို တရားရုံးက ကြေညာမှာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်အမည်ပေါက်တဲ့ ၁ဒသမ၉၂၃ဧကရှိတဲ့ အဲဒီခြံကို လေလံတင်ရောင်းချပြီး မောင်နှမနှစ်ဦး တစ်ယောက်ထက်ဝက် စီ ခွဲယူဖို့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက အထူးအယူခံလျှောက်ခဲ့တာပါ။ ဦးအောင်ဆန်းဦး တောင်းဆိုချက်အတိုင်းပဲ စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးခဲ့ပြီး ခြံကို လေလံပစ်တာတွေ လုပ်လာတာပါ။

ခြံအမှတ် ၅၄ ဟာ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အထင်ကရ ကမ္ဘာ့ခေါင်းဆောင်တွေ လာရောက်ဖူးတဲ့ နေရာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည် ခေါင်းချခဲ့တဲ့ နေရာဖြစ်သလို သမီးဖြစ်သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ၁၅နှစ်နီးပါး နေထိုင်ခဲ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။

……………………………………..

ရခိုင်မှာ AA ကို ရိုဟင်ဂျာတွေဆန္ဒပြ၊ စစ်ကောင်စီကြိုးကိုင်ခိုင်းစေတယ်လို့ဆို

ရက္ခိုင့်တပ်တော် AA ကို အလိုမရှိကြောင်း ရခိုင်ပြည်နယ် စစ်တွေနဲ့ ဘူသီးတောင်မြို့တွေမှာ ရိုဟင်ဂျာတွေက ယခုသီတင်းပတ်အတွင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

AA ကို မလိုမရှိ၊ တိုက်ပွဲအလိုမရှိ စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ် ကြိုးကိုင်ခိုင်းစေတာမဟုတ်ရင် ဒီလိုမျိုး ရာနဲ့ချီတဲ့လူအုပ် လမ်းပေါ်ကို ရုတ်တရက်ထွက်လာပြီး ဆန္ဒပြဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ဒေသတွင်းနဲ့ ပြည်တွင်း သတင်းမီဒီယာတွေမှာ ပြောဆိုထား ကြပါတယ်။ ဒါက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတာလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးပြီး တိုက်ပွဲတွေမှာ အသုံးပြုနေတာကြောင့်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့နေရာမှာ အခုလို ဆန္ဒပြတာဟာ စစ်ကောင်စီ ခိုင်းစေမှုပဲဖြစ်တယ်လို့ ပြောပါတယ်။ ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ သဟဇာတဖြစ်ရေး ပျက်ပြားပြီး တစ်ဖက်နဲ့တစ်ဖက် လူမျိုးရေးပဋိပက္ခတွေ ဖြစ်အောင် ဖန်တီးနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။

……………………………………..