ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

0
664

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေကာ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP- AD နှင့် ကရင်ပူးပေါင်းအဖွဲ့တို့က ကော့ဘိန်းနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။

တိုက်ပွဲသည် နေ့လယ်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲနေသည့်အပြင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးဖြင့်လည်း လှမ်းပစ်နေသောကြောင့် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်ထိခိုက်ပျက်စီးခြင်း၊ မီးလောင်ခြင်းတို့ ရှိနေသလို လူထိခိုက်မှုလည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။

“လေယာဉ်နဲ့ ဗုံးကြဲနေတာ မနည်းတော့ဘူး။ အိမ်တွေ ထိတာ၊ မီးလောင်နေတာလည်းရှိတယ်။ လူလည်း ထိထားတာရှိတယ်။ အခုလည်း ပစ်နေတုန်းပဲ” ဟု ဒေသခံတစ်ဦးက နေ့လယ်ပိုင်းက ပြောသည်။

လူထိခိုက်မှုနှင့် အဆောက်အအုံများ ပျက်စီးထိခိုက်မှု အခြေအနေအသေးစိတ်ကို မသိရသေးပေ။

တိုက်ပွဲမဖြစ်မီက ကော့ဘိန်းနှင့် အနီးအနားရှိ ကော့ပေါက်၊ ဓမ္မသ၊ တရာနာ အစရှိသည့်ကျေးရွာတို့တွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က အသွားအလာ ပိတ်ထားသည့်အတွက် ဒေသခံများ ထွက်ပြေးမရဘဲ ကျေးရွာအတွင်း ပိတ်မိနေကြကြောင်းလည်း ဒေသခံတို့က ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကလည်း ကော့ဘိန်းရဲစခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ခဲ့သေးသည်။