ကော့သောင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်မီးရှို့

0
775

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်ခရိုဝေဖ့်တာဝါတိုင် စခန်းကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ကော်သူးလေတပ်နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

KTLA ဒုတပ်ရင်းမှူး ဗိုလ်ကီးဒို ဦးဆောင်ပြီး၊ Flying Star Force နှင့် ဘုတ်ပြင်း မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

“မနေ့ ကတိုက်ခိုက်တာမှာ သူတို့ဘက်က အင်အား ၅၀ လောက်ရှိတယ်။ ကျွန်တော်တို့ဘက်က တော့ ထိခိုက်ကျဆုံးမှုမရှိဘူး။ သူတို့က တစ်ဦးကျတယ်။ ဒဏ်ရာရသူများပြီး ဆုတ်သွားတယ်။ စခန်းကိုတော့ ကျွန်တို့မီးရှို့လိုက်တယ်”ဟု Flying Star Force တပ်ဖွဲမှ တာဝန်ရှိသူက ပြောသည်။

မနေ့ကစခန်းသိမ်းတိုက်ပွဲအတွင်း မိုင်ခရိုဝေဖ့် တောင်ကုန်းစခန်းနှင့် တစ်မိုင်ခန့်အကွာတွင် ရှိသည့် ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း တပ်စွဲထားစစ်ကောင်စီတပ်နှင့် လေညာမဏ္ဍိုင်တံတားကြီးဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်းသိရသည်။

“စခန်းကို စီးနင်း တိုက်ခိုက်လိုက်နိုင်ပေမယ့် ရေရှည် သိမ်းထားလို့တော့ မရသေးဘူး”ဟု Flying Star Force တပ်ဖွဲမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိစစ်ရေး တင်းမာနေပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်းအားဖြည့်တင်းမှုများ ပြုလုပ်လာနေသည်ဟုဆို သည်။

လေးနာရီကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရကာ စခန်းစွန့်ထွက်ပြေးသွားသဖြင့် စကားပြောစက်၊ အားသွင်းခုံတစ်ခုအပါအဝင် လက်နက်ခဲယမ်း ၁၇ မျိုးကို သိမ်းဆည်း ရမိခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များထံမှသိရသည်။

သိမ်းပိုက်မီးရှို့ခံရသည့် မိုင်ခရိုဝေဖ့်တာဝါတိုင်စခန်းသည် တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ ဘန်ဂလောကျေးရွာ အနောက်ဘက်တွင်ရှိသည်။

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလမှစ၍ KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်) အပါအဝင် KTLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စခန်းသိမ်းတိုက်ပွဲများ ခပ်စိပ်စိပ် ဖော်ဆောင်လာနိုင်ခဲ့ပြီး ပထမဆုံးသိမ်းနိုင်ခဲ့သည့် စခန်းမှာ ထားဝယ်အရှေ့တော ဒေသရှိ ကျောက်ထုစခန်းဖြစ်သည်။