မြိတ်မြို့တွင် ခိုးမှု၊လုယက်မှုများ ဆက်တိုက်ဖြစ်

0
644

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှု၊လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများ၏ မိသားစုဝင်များနှင့် ဒေသခံများထံမှသိရသည်။

ယနေ့(မတ် ၁၈) မနက် စောစောတွင် မြိတ်မြို့၊ရွှေပြည်တန်ရပ်ကွက် သစ္စာလမ်းရှိ နေအိမ်တစ်ဆောင်မှ ဖုန်း ၄ လုံး နှင့် ကျပ်ရှစ်သိန်းကျော် အပါအဝင် ကလေးစီးစက်ဘီး တစ်စီးပါ အခိုးခံလိုက်ရကြောင်း ကာယကံရှင်မိသားစုဝင်က ပြောသည်။

” မနက် ‌၄ နာရီလောက်မှသိတာ တစ်အိမ်လုံးအိမ်မောကျနေတဲ့အချိန် ခိုးသွားတာ ငွေသားက သေတ္တာထဲမှာ ထည့်ထားတာ”ဟု ၎င်းမိသားစုဝင်ကပြောသည်။

သူခိုးခိုးခံလိုက်ရသည့်အိမ်တွင် မိသားစု ၆ ဦးရှိပြီး ၎င်းတို့အသုံးပြုသည့် လက်ကိုင်ဖုန်းများ အခိုးခံလိုက်ရခြင်းဖြစ်သည်။

အလားတူ ပြီး ခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း မြိတ်မြို့ ကြံတောလမ်းဆုံရှိ လမ်းသွယ်တစ်နေရာတွင် မြိတ်မြို့ခံလူငယ်အမျိုးသားတစ်ဦး ဓားထောက်လုယက်ခံလိုက်ရပြီး တန်ဖိုးကြီး iPhone x တစ်လုံး လုယက်ခံလိုက်ရကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလကလည်း မြိတ်မြို့တွင် အလုပ်မှပြန်လာသည့်လူငယ်နှစ်ဦး ဓားထောက်လုယက်ခံရပြီး ဖုန်းနှင့် ပိုက်ဆံအိတ်များ ပေးလိုက်ရသည်။

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် အထွေထွေအကျပ်အတည်းနှင့် တရားဥပဒေစိုးမိုးမှု နည်းပါးလာခြင်းကြောင့် မြိတ်မြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစပြီး လုယက်မှု ခိုးမှုများ ပိုမိုဖြစ်ပွားလာနေသည်။

ပြီးခဲ့သည့် နှစ် ဇွန်လ ကလည်း မြိတ်မြို့ အနောက်လယ်ရပ်ကွယ်တွင် နေ့လယ်ခင်းအချိန် လမ်းဆုံလမ်းခွတွင် စားအုံးဆီပုံးလုယက်မှု တစ်ခု ဖြစ်ပွားခဲ့သေးသည်။