သင်္ကြန်တွင် ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ Re-Entry တုံးထုရန်မလိုဘဲ နေရပ်ပြန်နိုင်

0
1773
ပုံစာ - မြဝတီ-မဲဆောက် အမှတ် ၁ တံတားရှေ့ မဲဆောက်ဘက်က မြန်မာနိုင်ငံသားများ။ ဓာတ်ပုံ - CJ

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် သင်္ကြန်ကာလတွင် Re-Entry တုံးထုရန်မလိုဘဲ ၄၅ ရက်အတွင်း တရားဝင်သွားလာနိုင်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ထုတ်ပြန်လိုက်သည်။

လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ မေလ ၁၅ ရက်နေ့အထိ ၄၅ ရက်တာကာလအတွင်း သင်္ကြန်ကာလ ခွင့်ရက်ဖြင့် မိမိနိုင်ငံပြန်လိုသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားများကို Re-Entry မလိုဘဲ တရားဝင်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က ပြုလုပ်သော အလုပ်သမားအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပုံမှန်အချိန်များတွင် Re-Entry ပါမစ်အတွက် တစ်ကြိမ်ဝင်ရောက်ခွင့် (Single) ကို ဘတ် ၁၀၀၀ နှင့် အကြိမ်ရေများစွာ ဝင်ရောက်ခွင့် (Multiple) ကို ဘတ် ၃၈၀၀ ကျသင့်မည်ဖြစ်သည်။

သင်္ကြန်ကာလတိုင်း အလုပ်သမားများကို ခွင့်ရက်များဖြင့် အလည်ပြန်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ ၄၅ ရက်အထိ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒါကတော့ ပုံမှန်ပေးနေကြအတိုင်းပဲပေါ့နော်။ ဒါပေမဲ့ မြန်မာအလုပ်သမားတွေ ဆိုတာမျိုးက အိမ်ထဲအိမ်ပြင် မထွက်ကြတာမျိုးဆိုတော့ နားမလည်တာများတယ်။ ဒါကြောင့် ပွဲစားလမ်းကြောင်းနဲ့သွားမယ်ဆိုရင်တော့ တုံးထုခ ဘာညာတွေ ပေးနေကြရဦးမှာပဲ” ဟု ၎င်းကဆိုသည်။

နှစ်သစ်ကူး သင်္ကြန်ကာလတွင် မိသားစုနှင့် ဆုံတွေ့နိုင်ရေး Re-Entry အတွက် ငွေကြေးကုန်ကျမှုမရှိစေရန် အလုပ်သမားများကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး တရားဝင် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ဝင်-ပြည်ထွက်တုံးများထု၍ သွားလာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကယ်၍ အလုပ်သမားများသည် မေလ ၁၅ ရက်နေ့ နောက်ပိုင်းမှ ပြန်ဝင်လာမည်ဖြစ်စေ၊ ပြန်ဝင်မည့်ရက်အတိအကျကို မသိလျှင်ဖြစ်စေ ပုံမှန်လမ်းစဉ်များအတိုင်း Re-Entry တုံးထုသွားနိုင်ကြောင်း ညွှန်ကြားထားသည်။

ခရီးသွားလာမည့်အလုပ်သမားများတွင် နိုင်ငံကူးလက်မှတ်နှင့် အခြေခံအလုပ်သမားဗီဇာ (Non L-A) ရှိထားရမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်များကိုပါ သွားလာခွင့်ပြုမည်ဖြစ်သည်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းနေမြန်မာနိုင်ငံသားများပင် ထိုင်းသို့ ထွက်ပြေးနေရသဖြင့် ထိုင်းရောက် မြန်မာလုပ်သားများ သင်္ကြန်ကာလ အိမ်ပြန်ရန် စဉ်းစားမည့်သူမရှိနိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“ငါတို့သင်္ကြန် အိမ်မပြန်နိုင်တာ ဒီနှစ်နဲ့ဆို ၅ နှစ်ပြည့်တော့မယ်။ ကိုဗစ်ကတည်းကပဲ။ အာဏာပါ ဆက်သိမ်းလိုက်တော့ အရင်သင်္ကြန်ပြန်မဖြစ်တော့ဘူး။ နဂိုသင်္ကြန်လေးကိုလည်း လွမ်းနေပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါဆုံးဖြတ်ချက်ကို ဝန်ကြီးဌာနအသီးသီးသို့ ထပ်မံတင်ပြသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အတည်ပြုချက်ရရှိရန် အလျှင်မြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။