မွန်ပြည်နယ်မှ စစ်မှုထမ်းစာရင်းပေးပို့ရန် ရပ်/ကျေးများကို စစ်ကောင်စီညွှန်ကြား

0
4279

မွန်ပြည်နယ်တွင်နေထိုင်သူများ၏ စစ်မှုထမ်းလူစာရင်းပေးပို့ကြရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ညွှန်ကြားထားကြောင်း သိရသည်။

စစ်မှုထမ်းရန်အတွက် လူစာရင်းကို မတ်လနောက်ဆုံးပတ်အတွင်း ပေးပို့ရန် ညွှန်ကြားထားကြောင်းလည်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။

ကျိုက်မရောမြို့နယ်အတွင်းမှာတော့ ရပ်ကွက်၊ ကျေးရွာကြီး၊ ငယ်ပေါ်မူတည်ပြီး တစ်ရွာလျှင် ၂ ဦးမှ ၁၀ ဦးကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က စိစစ်ရွေးချယ်ပြီး မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးပို့ရမည်ဟု ညွန်ကြားထားသည်။

အလားတူ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို တွေ့ဆုံဆွေးနွေးရန်ဆိုကာ ဆင့်ခေါ်စာများ ပေးပို့နေသည် ။

“စစ်မှုထမ်းတဲ့ကိစ္စက တော်တော်လေး ဂယက်ထနေတယ်။ တချို့မြို့နယ်မှာက အုပ်ချုပ်ရေးမှူးတွေကနေ စာရင်းကောက်နေတာရှိတယ်။ တချို့နေရာမှာက စစ်မှုထမ်းဖို့ အရွယ်ရောက်တဲ့လူတွေကို ခေါ်ပြီးတော့ စစ်မှုထမ်းဖို့ ကိစ္စကို ပြောနေတာတွေလည်းရှိနေတယ်။ ဒီဂယက်ကြောင့် လူငယ်တွေလည်း ရွာမှာ မရှိကြတော့ဘူး။ မိဘတွေလည်း စိတ်ပူရနဲ့ အကုန်လုံး ဒုက္ခရောက်ကုန်တာလေ” ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ညွှန်ကြားထားသည့်အတိုင်း မလုပ်ဆောင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) က အမိန့်ထုတ်ပြန်ထားပြီး မလိုက်နာသည့် ရပ်ကျေးအုပ်ချုပ်ရေးများကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ဆိုသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် တိုင်းပြည်နှင့် လူငယ်တို့အတွက် အကျိုးယုတ်စေသည့်လုပ်ရပ်သာ ဖြစ်သည့်အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အနေဖြင့် ဆန့်ကျင်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အမျိုးသားများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ၊ အမျိုးသမီးများသည် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ၊ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းရမည်ဟု ပြဌာန်းထားသည်။

စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမည့်သင်္ကြန်ကာလအပြီး စတင်သွားမည်ဖြစ်ပြီး တစ်လလျှင် လူပေါင်း ၅,၀၀၀၊ တစ်နှစ်လျှင် လူပေါင်း ၆၀,၀၀၀ စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။