စစ်ကောင်စီကိုကြောက်၍ ထားဝယ်က ရွှေဆိုင်အများစု ဈေးမဖွင့်

0
1318

အခေါက်ရွှေစျေး စံချိန်တင်မြင့်တက်နေမှုကို စစ်ကောင်စီက အာဏာဖြင့် ထိန်းချုပ်ကန့်သတ်ရန် လုပ်ဆောင်လာမှုကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစုက ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထားကြကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၂ သိန်းနီးပါးရှိလာချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထားဖြင့်သာ ရောင်းချရမည်ဟု မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၆ ရက်နေ့က ၎င်းတို့သတ်မှတ်သည့်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းနီးပါးသာရှိပြီး ပြင်ပဈေးကွက်တွင် ၄၂ သိန်းနီးပါး ပေါက်ဈေးရှိနေသည်။

ထိုသို့သောအခြေအနေတွင် ၎င်းတို့သတ်မှတ်သည့် နှုန်းထားအောက် မရောင်းနိုင်သည့် ရွှေဆိုင်များအနေဖြင့် အရောင်းအဝယ်ရပ်နားထားကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည့်။

ယင်းကြောင့် မတ်လ ၁၈ ရက်နေ့တွင် ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အများစုက စိုးရိမ်လာကြပြီး ဈေးမဖွင့်တော့သည့်အပြင် အရောင်းအဝယ်ပါ ရပ်နားလိုက်ကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“အခေါက်(ရွှေ) လာဝယ်ခဲ့ရင် မရောင်းကြဘူးလို့ လုပ်နေကြတယ်။ စုံစမ်းတာမျိုးဆိုရင် အဖမ်းခံရမှာစိုးလို့။ အခုလက်ရှိ အနေအထားအရ အခေါက်တစ်ကျပ်သားကို မြတ်လည်း တစ်သောင်းပဲ ဆိုတော့”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဆိုင်ဖွင့်ထားသော်လည်း အခေါက်ရွှေမှလွဲ၍ အခြားရွှေအထည်ပစ္စည်းများကိုသာ ရောင်းချနေကြကြောင်း အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

“အခေါက်ဒိုင်တွေကတောင် စျေးမဖွင့်ပေးတော့ဘူး။ ဆိုင်ကဖွင့်တယ်။ အ ထည်တွေဆိုရင်တော့ ရောင်းတယ်။ ဟိုးအရင်က မှောင်ခိုသဘောမျိုး ပြန်ဖြစ်လာတယ်” ဟု ၎င်းကရှင်းပြသည်။

ယင်းအပြင် ပြီးခဲ့သည့်လက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) က ရွှေဆိုင်ပိုင်ရှင်များကို အစည်းအဝေးခေါ်ယူပြီး ထိုင်းရွှေအပါအဝင် နိုင်ငံခြားရွှေများကို အရောင်းအဝယ်မလုပ်ကြရန် တားမြစ်ထားကြောင်း ၎င်းက ပြောသည်။

“ယိုးဒယား(ထိုင်း) ရွှေလည်း မရောင်းပါဘူးလို့ ခံဝန်ထိုးထားရတယ်။ ဖမ်းမိရင် သိန်းနှစ်ရာတဲ့” ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည့်အပြင် ပြည်တွင်းပဋိပက္ခများကြောင့် ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၄၂ သိန်းဝန်းကျင်အထိ ဈေးတက်နေသည်။

စစ်ကောင်စီဘက်ယိမ်းသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ အခြေအမြစ်မရှိသည့် သတင်းများကို အကြောင်းပြပြီး ပြင်ပဈေးကွက်တွင် အရောင်းအဝယ်လုပ်သူများက ဈေးကစား၍ ဈေးဆွဲတင်ခြင်း ဈေးဆွဲချခြင်းများလုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။