ထိုင်းတွင် မြန်မာလုပ်သားများ လုပ်အားခ ဘတ် ကိုးသိန်းကျော် မရသဖြင့် အမှုဖွင့်တိုင်ကြား

0
726

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးခွင်ရှိ မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ကိုးသိန်းကျော် မရသဖြင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ မတ်လ ၅ ရက်နေ့က တိုင်ကြားလိုက်ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။

နောင်ယိုင်းမြို့ရှိ CESE2 ဆောက်လုပ်ရေးခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၄ ဦး၏ လစာများကို အလုပ်ရှင်က တာဝန်ယူထုတ်ပေးခြင်း မရှိကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။

လုပ်အားခ နှစ်လကျော်အတွက် အားလုံးစုစုပေါင်း ဘတ် ကိုးသိန်းကျော်ကို အလုပ်ရှင်က ထုတ်မပေးသည့်အပြင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရိုက်ရန် ငွေကြေးကောက်ခံထားသော်လည်း တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်း မရှိသဖြင့် Name List စာရွက်များလည်း သက်တမ်းကုန်သွားကြောင်း အဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် အလုပ်သမားများ၏ အခက်အခဲများကို သူဌေးဘက်က ဖြေရှင်းပေးခဲ့ခြင်းမရှိသဖြင့် အလုပ်သမားများနှင့် ပူးပေါင်း၍ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ တိုင်ကြားခဲ့ကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ဆိုသည်။

“မနေ့က တိုင်တဲ့အလုပ်သမားတွေတောင် သူဌေးက ငါးဦးဖြစ်နေတယ်၊ စစ်လိုက်တာ အလုပ်ရှင် မတူကြဘူး။ ဒီ Name List စာရွက်တွေနဲ့က နယ်ကျော်ပြီး အလုပ်လုပ်လို့ မရဘူးလေ။ ဒါကြောင့် အလုပ်သမားတွေကို ကူညီပေးဖို့ရယ် ကွင်းဆင်း ကြည့်ပေးဖို့ရယ် ရုံးကို တောင်းဆိုထားတယ်။ သူတို့က ဒီကြားထဲ စစ်ကြည့်ပေးမယ်လို့တော့ ပြောထားတယ်” ဟု ၎င်းက ဆိုသည်။

အလုပ်သမားများသည် ပန်းရောင်ကတ်ရိုက်ရန် နောက်ထပ် လုပ်ငန်းစဉ်များဖြစ်သော သွေးစစ်ခြင်းကို မလုပ်ဆောင်နိုင်ခဲ့သဖြင့် စာရွက်သက်တမ်းကုန်ဆုံးသွားရာ ပိုမိုအခက်အခဲဖြစ်နေကြကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။

ယင်းလုပ်ငန်းခွင်တွင် အလုပ်သမားများ ၁၀၀ ခန့် ဒုက္ခရောက်နေကြသော်လည်း စာရွက်စာတမ်း အခက်အခဲများကြောင့် မတိုင်ကြားနိုင်သည်ကိုလည်း ကွင်းဆင်းစစ်ဆေးပေးရန် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ ဆက်လက် တောင်းဆိုထားကြောင်း အလုပ်သမားများထံမှ သိရသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားများ ပိုမိုများပြားလာနေသည်နှင့်အတူ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများကြောင့် တိုင်ကြားမှု ပိုမိုများပြားလာနေကြောင်း WAG အဖွဲ့ ထံမှ သိရသည်။