ဘီးလင်း ပျဉ်သာတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး

0
757

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သာတံတား ယနေ့ မတ်လ ၆ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အရှည် ပေ ၁၂၀၊ အကျယ် ၂၄ ပေရှိသည့် ပျဉ်သာတံတားသည် ယနေ့ နံနက် ၁ နာရီကျော်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားပြိုကျ ပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရသည့်အခြေအနေဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

“လောလောဆယ် တံတားက ဖြတ်သန်းသွားလာလို့ မရတော့ဘူး။ လုံးဝကိုပြိုကျပျက်စီးသွားတယ်။ အဲဒီဒေသတဝိုက်က လူတွေကတော့ သွားလာရေးအတွက် အခက်အခဲဖြစ်သွားပြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျဉ်သာတံတားသည် ဘီးလင်းမြို့နယ်နှင့် ဖာပွန်မြို့နယ်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ တံတားဖြစ်ပြီး ဒေသတွင်းပြည်သူများ စီးပွားရေး၊ လူမှုရေးကိစ္စရပ်အတွက် ဖြတ်သန်းသွားလာအသုံးပြုနေကြခြင်း ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

တံတားကို မည်သည့်အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းကလည်း သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ မိုးကောင်းကျေးရွာအနီးက မိုးကောင်းတံတား မိုင်းခွဲခံဖျက်ဆီးခံခဲ့ရသည်။

၂၀၂၃ ခုနှစ်အတွင်းကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့မြို့နယ်ကြား ဆက်သွယ်ထားသည့် ကျုံအိတ်ချောင်းတံတား ဖောက်ခွဲခံရပြီး ပြိုကျပျက်စီးသွားခဲ့သေးသည်။

ရန်ကုန်-မော်လမြိုင် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကားလမ်း၊ ရထားလမ်းတစ်လျှောက်တွင် မိုင်းဖောက်ခွဲခံရသည့်ဖြစ်စဉ်များမကြာခဏဖြစ်ပွားလေ့ရှိသည်။