ရခိုင်တွင် ပြည်နယ်မြို့တော် စစ်တွေအနီးသို့ AA ချဉ်းကပ်လာနေပြီဟု ကုလပြော

0
813
Photo - Development Media Group

ရခိုင်တွင် ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့အနီးသို့ ရက္ခိုင့်တပ်တော် AA ချဉ်းကပ်လာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၆ရက်နေ့တွင် ထုတ်ပြန်သည်။

မြို့နယ်အများအပြားတွင်လည်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ဘေးဒဏ်သင့်နေသည့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုနှင့် ဖိစီးမှုများ တိုးပွားလာနေကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက စတင်ပြီး စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ စခန်းများက လက်နက်ကြီးဖြင့် တိုးမြှင့် ပစ်ခတ်လာကြောင်းလည်း ဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့လယ်ဈေးကြီးအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၂၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

AA သည် ရခိုင်တွင် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်အဆင့် မြို့ခြောက်မြို့ကို သိမ်းယူထိန်းချုပ်ထားသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်း သိမ်းယူထိန်းချုပ်ထားသည်။

ယင်းအနက် ပေါက်တောမှာ စစ်တွေနှင့် အနီးဆုံးမြို့ဖြစ်ပြီး ကုလားတန်မြစ်ခြားကာ မိုင် ၁၀ကျော်သာ ဝေးကွာသည်။ နောက်ထပ် မိုင် ၂၀ ကျော်ဖြင့် အနီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ရန်ကုန်-စစ်တွေကားလမ်းဖြင့် တစ်ဆက်တည်းရှိသည့် ပုဏ္ဏားကျွန်း မြို့ကိုလည်း မတ်လ ၄ရက်တွင် သိမ်းယူထားသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်နှင့် ပလက်ဝတို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးသူ တစ်သိန်းခွဲနီးပါးရှိပြီး တစ်နိုင်ငံလုံးတွင်မူ ၂ဒသမ ၇ သန်းရှိလာကြောင်း UNOCHA က ဆိုသည်။

AA ကမူ ရခိုင်တွင် စစ်ဘေးရှောင် သုံးသိန်းကျော်ရှိနေပြီဟု ဆိုထားသည်။