ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံတိုက်ခိုက်

0
1134

ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့တဝိုက်ကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက် နံနက်ပိုင်းတွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

နံနက် ၁၀ နာရီခွဲနှင့် ၁၁ နာရီခန့်တွင် လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၂၀ ခန့် ကြဲချခဲ့ကြောင်း အနီးဝန်းကျင်ကျေးရွာက ဒေသခံအချို့က ဆိုသည်။

“လေယာဉ်အသံပဲကြားတယ်။ ဘာလေယာဉ်အမျိုးစား၊ ဘယ်နေရာတွေကို ကြဲချခဲ့တယ်ဆိုတာတော့ အတိအကျ မသိသေးဘူး” ဟု ဗုံးကြဲချသည့်နေရာနှင့် အနီးဝန်းကျင်တွင် ရှိနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောဆိုသည်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကလည်း နံနက် ၁၁ နာရီခန့်တွင် မေတ္တာဘက်က လေယာဉ်လာသည့် အသံနှင့် ဗုံးကြဲချသဖြင် ပေါက်ကွဲသံသည့် အသံလောက်သာကြားရပြီး လေယာဉ်အမျိုးအစားနှင့် ဗုံးကြဲချခဲ့သည့်နေရာ စသော အသေးစိတ် အခြေအနေကို မသိရသေးကြောင်း ပြောသည်။

မေတ္တာမြို့ဘက်က လက်နက်ကြီးပစ်ခတ်သံ ကြားရပြီး တိုက်ပွဲဖြစ်ပွားမှု ရှိမရှိ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။

ဗုံးကြဲတိုက်ခိုက်သည့် ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာက ဖုန်းလိုင်းပြတ်တောက်နေပြီး လူနှင့် အဆောက်အအုံ ထိခိုက်မှု အသေးစိတ်အခြေအနေတို့ကို Dawei Watch က ဆက်လက်စုံးစမ်းနေဆဲဖြစ်သည်။

အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၇ ရက်ကတည်းက နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၆ ရက်နှင့် မတ်လ ၄ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။