ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရ

0
1155

ထားဝယ်ဒေသတွင် ထင်ရှားသည့် ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်းသို့ ယနေ့ မတ်လ ၄ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်းသို့ လက်နက်ကြီးကျည် ကျ‌ရောက် ပေါက်ကွဲသောကြောင့် ငါးခုံးမ ရေကန်ဘုရားသိမ်နှင့် သာသနာ့သီရိဘုန်းကြီးကျောင်းအပါအဝင် သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းအပြင် ဘုရား၏ ဘဏ္ဍရေးဆိုင်ရာ ဂေါပက ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သုံးလုံးလောက်ရှိတယ် ပစ်တာ။ တိုက်ပွဲဖြစ်တာ မရှိဘူး” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ဒဏ်ရာရရှိသူနှစ်ဦးအနက် အမျိုးသားတစ်ဦး၏ ဒဏ်ရာအခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း ဒေသခံတို့က ဆိုသည်။

အမျိုးသမီး၏ ဒဏ်ရာအခြေအနေကိုမူ မသိရသေးပေ။

ယနေ့ နံနက် ၇ နာရီခန့်ကလည်း မောင်မယ်ရှောင်ရွာနှင့် ထားဝယ်နည်းပညာတက္ကသိုလ်ကြား လမ်းပိုင်း တစ်နေရာ တွင် ပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ တစ်ဦးထိခိုက်ဒဏ်ရရှိထားသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မနက်က ပေါက်ကွဲသံကြားပြီး ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် သွေးအိုင်ထဲ လဲနေတယ်လို့သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲမှုဖြစ်ပြီး ၆ နာရီ ခန့်အကြာ၌ မောင်မယ်ရှောင်ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါလက်နက်ကြီးမှာ ဇဟာရွာအခြေစိုက် အမှတ်၃၀၂ အမြောက်တပ်ရင်းဘက်က ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ Dawei Watch အနေဖြင့် ယခုပစ်ခတ်မှုနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ ညကလည်း ဇဟာရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။