မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)နှင့် ပတ်သက်၍ဟုဆိုကာ အမျိုးသမီး ၃ ဦးကိုဖမ်းဆီး

0
677

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၏ နိုင်ငံရေးစစ်ရေးဦးဆောင် အဖွဲ့ ဝင်တစ်ဦးဖြစ်သည့် နိုင်ကြည်စန်း၏ ညီမဖြစ်သူအပါအဝင် ၃ ဦးကို စစ်ကောင်စီ အမြှောက်တပ် (အမတ-၃၁၈) ကဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါအမျိုးသမီး ၃ ဦးကို မတ်လ ၂ ရက်နေ့ ညပိုင်းအချိန်က စစ်တပ်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရသည်။

မတ်လ ၂ ရက်နေ့ည ၈ နာရီအချိန်ခန့်တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ မုဒုံမြို့နယ်၊ ကော့ပီထော်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် နိုင်အဒမ်းကို လက်နက်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများကဆိုသည်။

ယင်းဖြစ်စဉ်ပြီးနောက် တောင်ပကျေးရွာနေ နိုင်ကြည်စန်း၏ ညီမဖြစ်သူ ဒေါ်မြင့်စန်းဆိုသူအား စစ်ဆေးမေးမြန်းရန်ဆိုကာ စစ်ကောင်စီ လက်အောက်ခံ အမတ – ၃၁၈ က လာရောက်ခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“မတ်လ ၃ ရက်နေ့ နံနက် ၂ နာရီလောက်က တောင်ပရွာက ဆရာမတစ်ယောက်ကို ခေါ်ဆောင်သွားတယ်။ ဆရာမကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ဝင်တစ်ယောက်ရဲ့ ညီမကြောင့် မလို့ဆိုပြီး ဖမ်းသွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

မုဒုံမြို့နယ်၊ ကော့ပီထော်ကျေးရွာမှ မွန်ပြည်သစ်ပါတီဝင်တစ်ဦး၏ ညီမဖြစ်သူတစ်ဦးနှင့် ကမာ ဝက်ကျေးရွာမှ မွန်ပြည်သစ်ပါတီ မုဒုံမြို့ဆက်ဆံရေးတာဝန်ရှိသူတစ်ဦး၏ ဇနီးဖြစ်သူတို့ကိုလည်း စစ်တပ်က လာရောက်ဖမ်းဆီးသွားပြီး အမတ-၃၁၈ တွင် ဖမ်းထားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မတ်လ ၃ ရက်နေ့က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်တွင် အသက် ၇၂ နှစ်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးပန်းကို လက်နက်နှင့်အတူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က လာရောက်ခေါ်ဆောင်သွားကြောင်း ဒေသခံများကဆိုသည်။